Connect with us

Hi, what are you looking for?

သတင်း

ဘားအံ ၊ လှိုင်းဘွဲ့၊ ကမမောင်းနဲ့ မြဝတီမြို့မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ ရေဘေးသင့်

ကရင်ပြည်နယ်က မြို့လေးမြို့မှာ မြစ်ရေကြီးမှုဆက်လက်ဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှုကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေရပြီး အကူအညီတွေ လိုအပ်တယ်လို့ ဒေသတွင်းအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးပါတယ်။

မြိုင်ကလေးနဲ့ ကမမောင်းမြို့တွေမှာ ရေကြီးနေပုံ။ ဓာတ်ပုံ - zaw min oo/FB ၊ nay lin aung/FB

ဇူလိုင်-၂၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်က မြို့လေးမြို့မှာ မြစ်ရေကြီးမှုဆက်လက်ဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှုကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေရပြီး အကူအညီတွေ လိုအပ်တယ်လို့ ဒေသတွင်းအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးပါတယ်။

သံလွင်မြစ်ရေကြီးနေတဲ့ ဘားအံမြို့ပေါ်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားရပြီး ရေဘေးသင့်သူ ပြည်သူဦးရေ ၁၀,၀၀၀ ကျော် ရောက်ရှိနေပါတယ်။

ဘားအံမြို့အနောက်ဘက်ကမ်း မြိုင်ကလေးအနီးဝိုက်ဝန်းကျင်မှာလည်း နေအိမ် ၃၀၀ ကျော် နစ်မြုပ်ခဲ့ကာ လူဦးရေ ၁,၀၀၀ နီးပါး ရေဘေးစခန်းဆီ ရောက်ရှိခိုလှုံနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရေဘေးသင့်ပြည်သူတွေအတွက် လတ်တလောမှာ သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလရဲ့ ဒီနေ့ ဇူလိုင် ၂၉ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၅ ပေကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာ ပေဝက်ခန့် ကျဆင်းလာနိုင်ပေမယ့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဦးမယ်လို့ ဆိုထားပါတယ်။

သံလွင်မြစ်ရေကြီးမှုကြောင့် ဘားအံ-မော်လမြိုင်ကားလမ်းပိုင်းနဲ့ ဘားအံ-သထုံကားလမ်းပိုင်းတွေက နေရာတချို့မှာ လမ်းရေကျော်ရောက်ရှိနေတဲ့အတွက် သတိပြုပြီးဖြတ်သန်းသွားလာကြဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးပါတယ်။

ဒါ့အပြင် လှိုင်းဘွဲမြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး လှိုင်းဘွဲမြစ်ရေကြီးလာပြီး လှိုင်းဘွဲ့-ဘားအံလမ်းပေါ်က ဒိုင်းပြရွာမှာ ရေကျော်နေတဲ့အတွက် ကားကြီးကားငယ်တွေဟာ သွားလာလို့မရတော့ဘူးလို့ ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လှိုင်းဘွဲမြစ်ရေကြီးလာမှုကြောင့် လှိုင်းဘွဲမြို့ပေါ်နဲ့ မြစ်ကမ်းတလျှောက်က ကျေးရွာတွေမှာ နေအိမ်အများအပြား ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားလျက်ရှိနေပြီး အနိမ့်ပိုင်းမှာနေထိုင်တဲ့ ဒေသခံတွေဟာ ရေဘေးလွတ်ရာဆီ လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီနဲ့ ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ရေကြီးမှုကြောင့် လှိုင်းဘွဲမြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်တာ ၁ ပတ်ခန့် ရှိပြီလို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။

လှိုင်းဘွဲမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၈ ခု ဖွင့်လှစ်ထားရပြီး ရေဘေးသင့်ပြည်သူ ၄,၆၀၀ ကျော် ရောက်ရှိခိုလှုံနေထိုင်တယ်လို့ သိရပါတယ်။

ကမမောင်းမြို့မှာလည်း သံလွင်မြစ်ရေထပ်တက်လာနေပြီး တမြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ကာ ရေကြီးမှုကြောင့် ကမမောင်းမြို့အနိမ့်ပိုင်းက ဒေသခံတွေသာမက စစ်ဘေးရှောင်တွေလည်း ရေဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေထိုင်နေရသလို သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ရေထပ်တက်နေပါတယ်၊ မိုးလည်းရွာမှရွာပဲ” လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်မြို့ မြ၀တီမှာလည်း သောင်ရင်းမြစ်ရေထပ်တက်လာနေတဲ့အတွက် အနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်လာနေပြီး ဒေသခံတွေ နောက်ထပ်တစ်ကြိမ် ရေဘေးကယ်ဆယ်ရေးစခန်းဆီ ထပ်မံရွှေ့ပြောင်းနေရတယ်လို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။

“(ရေက)ဖြည်းဖြည်းပဲတက်နေတယ်၊ မနေ့ညက ရေဘေးစခန်းကို အကုန်ပြန်သွားရတယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။

မိုးဇလရဲ့ ဇူလိုင် ၂၉ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာဆီ ရှောင်ရှားနိုင်ဖို့ သတိပေးထားပါတယ်။

သထုံ-ဘားအံ၊ မော်လမြိုင်-ဘားအံ၊ လှိုင်းဘွဲ-ဘားအံလမ်းတွေက နေရာတချို့မှာ သွားလာလို့မရကြောင်း ဒေသအခြေစိုက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။