ဩဂုတ် ၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာမြို့နှင့်အနီးဝန်းကျင်၌ ယနေ့ (ဩဂုတ် ၁၁ရက်)တွင် ရေကြီးမှုထပ်မံဖြစ်နေကြောင်းဒေသခံ နှင့် ကချင်အဖွဲ့အစည်းအချို့က အသိပေးထားသည်။
ဩဂုတ် ၄ရက်က မိုးကြီး၍ တောင်ကျရေများ၍ လိုင်ဇာ နှင့်အနီးတဝိုက် ရေကြီးမှုဖြစ်ခဲ့ရာ ဒေသတွင်း စစ်ရှောင်စခန်းများ ကျေးရွာများ ရေဘေးကြုံရပြီး ကလေးငယ် အပါအဝင် ၆ဦးသေဆုံးကာ အိမ်ခြေ ရာချီ ပျက်စီးခဲ့သည်။
ယနေ့ နေ့လည် ရေကြီးမှုတွင်လည်း လိုင်ဇာ-တရုတ်နယ်စပ်တံတားအနီး ရေကြီးမှု၊ မြို့ပေါ် လမ်းမနေရာများ၊ ဝေကြိုင်စစ်ရှောင်စခန်းအနီးနေရာများ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ရုပ်သံများကို ဒေသအဖွဲ့အစည်းအချို့က ဖော်ပြထားသည်။

Public Service Announcement
“လိုင်ဇာမှာ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးလာ။ ဒေသခံ ပြည်သူတွေ ဒုက္ခရောက်” ဟု Kachin Gender Star Groupက ရုပ်သံမှတ်တမ်းများနှင့်အတူ ဖော်ပြ အသိပေးသည်။
ဩဂုတ် ၁၁ရက် လိုင်ဇာဒေသ ရေဘေးကြောင့် ထိုခိုက်ပျက်စီးမှု အခြေ အနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဩဂုတ်၄ရက်ရေကြီးမှုကြောင့် လိုင်ဇာ၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ မိုင်ဂျာယန်ဒေသများရှိ စစ်ရှောင် စခန်းများ၊ ကျေးရွာများ ထိခိုက်မှုရှိခဲ့သည်။
ထို့အပြင် စစ်ဘေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများ ရေဘေး ထပ်ကြုံနေရခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ကူညီကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ကူညီလိုသည့် ပြည်သူများ အဖွဲ့အစည်းများအနေဖြင့်လည်း အကူအညီများ ပေးအပ်နိုင်ကြောင်း အဖွဲ့ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။
ရုပ်သံ – Kachin Gender Star Group


















































