Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်း​ပေါ် နဲ့ ​ဝေါ​လေဗျူဟာမှာ တိုက်ပွဲ​တွေပြင်းထန်​နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်က အာရှလမ်းမကြီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်​ကြောင်းကိုစစ်ကူပို့ဖို့ကြိုးစား​နေတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အခုရက်ပိုင်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား ၂၀၂၄ ခုနှစ်မှာတိုက်ခိုက်ခဲ့တဲ့ ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်​တွေနဲ့သိမ်းပိုက်ရရှိတဲ့ သံချပ်ကာယာဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ဩဂုတ်−၁၄၊ ၂၀၂၅။ခွန်ဖ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်က အာရှလမ်းမကြီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်​ကြောင်းကိုစစ်ကူပို့ဖို့ကြိုးစား​နေတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အခုရက်ပိုင်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကော့ကရိတ်မြို့အကျော်ကဒေါနတောင်ရဲ့ အနောက်ဘက်က တတန်းကူးကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက စစ်ကူ​တွေထပ်ဖြည့်ထားတဲ့အောင်ဇေယျစစ်​ကြောင်းဟာ ဩဂုတ်၁၀ရက်ကစပြီး စစ်ကြောင်းပြန်ထိုးလာတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တောနောဘက် အပေါ်မှာတော့ တိုက်ပွဲမဖြစ်ဘူး။ အောက်ဘက်မှာဖြစ်နေတာ။ အပေါ်က ကောင်တွေကတော့ စားစရာမရှိလို့ ဆန်ပြုတ်သောက်နေရတယ်။ တတန်းကူးနားမှာတော့ တိုက်ပွဲကြမ်းနေတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ဧပြီလကတည်းက တက်လာတဲ့အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနဲ့ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေက အပိုင်းပိုင်းပိတ်ဆို့ဖြတ်တောက်ထားရာ ဒေါနတောင်ပေါ်က တောနောရေတံခွန်နားမှာလည်း လနဲ့ချီပိတ်ဆို့ခံထားရတာပါတယ်။

အဲဒီအဖွဲ့ဟာ အစာရေစာပြတ်တောက်နေပြီး စစ်သားတွေ ငတ်ပြတ်မှုနဲ့ ကြုံနေရတယ်လို့ ကရင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ကနေ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ဆင်ရေးက တပ်သားတွေဟာ တတန်းကူးကျေးရွာနားမှာပဲ ဖြတ်တောက်ခံထားရပြီး အဲဒီနေရာဝန်းကျင်မှာဘဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၂၀၂၄ မတ်လဆန်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနဲ့ ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေက မြဝတီမြို့အနီးက သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်မယ်လို့ဆိုကာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”လို့ အမည်​ပေးကာ တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစပြီး ဖားအံနဲ့ မော်လမြိုင်ဘက်ကနေ ချီတက်လာခဲ့တာဖြစ်ပါတယ်။

လေးရက်နဲ့ မြဝတီမြို့အ​ရောက်ချီတက်မယ်လို့ကြွေး​ကြော်ခဲ့​​ပေမယ့် တနှစ်ကျော်ကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်နားမှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေတာဖြစ်ပါတယ်။ စစ်တပ်က စစ်သား​တွေဟာအလင်းဝင်တာ ၊ထွက်​ပြေးတာ ၊​သေဆုံးဒဏ်ရာရတာ​တွေ​ကြောင့် ရာနဲ့ချီနဲ့ သင်တန်းဆင်းပြီးစ စစ်သားသစ်​တွေကို ထပ်ပို့ခဲ့​တယ်လို့ ​​ကော်ဘရာစစ်​ကြောင်း စစ်ဆင်​ရေးမှူး ဗိုလ်ဒါ​ဘော က People’s Spring နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းက ​မေးမြန်းခန်းမှာ​ပြောခဲ့ပါတယ်။ ကျန်​နေတဲ့ စစ်သား​တွေဟာလည်း ​ဒေါန​တောင်​ပေါ်မှာ ​တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​​တောက်ပိတ်ဆိုမှုခံ​နေရတာဖြစ်ပါတယ် ။

ဒါအပြင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဝေါလေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လ​ပေါင်းများစွာ ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။

ဝေါလေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၁ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဝေါလေမှာလည်း တိုက်ပွဲကပြန်ဖြစ်နေပြီ။ သူတို့လာပို့တဲ့ ရိက္ခာတွေလည်း တော်လှန်ရေးတပ်တွေက ရနေတာ၊ သူတို့လည်း ဆန်ပြုတ်သောက်နေရတာပဲ။ တော်လှန်ရေးအဖွဲ့တွေ အခြေနေကောင်းပါတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ရက်ကလည်း စစ်ကောင်စီက ဝေါလေဗျူဟာကို လေယာဉ်နဲ့လာပို့တဲ့ ရိက္ခာထုပ်တွေကို တော်လှန်ရေးတပ်တွေက သိမ်းရခဲ့ပါတယ်။ ​မြေပြင်စစ်ကူပို့မရတဲ့စစ်တပ်က ဝေါလေဗျူဟာကုန်းနားကို လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်တွေဟာ ယခုနှစ်မေလ ၂၃ရက်နောက်ပိုင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြ၀တီမြို့နယ်က နယ်စပ်စခန်းတွေဖြစ်တဲ့ ဘလက်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်စခန်း၊ မော်ခီးစခန်း၊သေ့ဘောဘိုးစခန်း၊ ထီးကပယ်စခန်းနဲ့ ဥကရစ်ထတပ်စခန်းတွေဖြစ်ပြီး ဒေသတွင်းမှာ ဝေါလေဗျူဟာစခန်းနဲ့ တိသဲလယ် ကာကင်းစခန်းသာ ကျန်တော့ပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။