အောက်တိုဘာ-၂၊၂၀၂၅။ဆဏ်း/People’s Spring
လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ” What happened to the wolf? “ရုပ်ရှင်ကို အွန်လိုင်းကနေ စပြပေးတော့မှာပါ။
ရုပ်ရှင်ပြသမယ့်နေရာကတော့ 24FM ရဲ့ ဝက်ဆိုက်ဒ်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ လက်မှတ်ခကတော့ ၁၀ ဒေါ်လာပါ။
“24FMဆိုတာကတော့ အခုလိုအချိန်မှာ ရှောင်လာရတဲ့အနုပညာရှင်တွေအကုန်လုံး ကိုယ့်ရဲ့အနုပညာအလုပ်တွေပြန်လုပ်နိုင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတဲ့ Streaming Platform တခုပါပဲ၊ဒီPlatform မှာ ရုပ်ရှင်တွေတင်မကပဲ ဂီတ ၊ပန်းချီတွေရော အခြားသောအနုပညာလက်ရာမျိုးစုံကို ပြသလို့ရမှာပါ၊ရှောင်လာရတဲ့ အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေကို တိုက်ရိုက် Support နိုင်မယ့် Platform တခုအဖြစ်လည်း ရည်ရွယ်ပါတယ်” လို့ ပိုင်ဖြိုးသုက အသိပေးထားပါတယ်။

Public Service Announcement
လက်မှတ်တွေကိုတော့ 24FM ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ၅ ရက်အတွင်း သုံးကြိမ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
“Device တခုတည်းမှာပဲကြည့်လို့ရမှာဆိုပေမယ့် ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်မိသားစုတွေနဲ့အတူကြည့်မယ်ဆိုလည်းရပါတယ်…. လက်မှတ်စျေးကလည်း မြန်မာငွေနဲ့တွက်လိုက်ရင် လက်ရှိငွေစျေးအရ နည်းနည်းတော့များသလိုဖြစ်ပေမယ့် ဒီလိုစုကြည့်ကြတာမျိုးဆိုလည်း အဆင်ပြေမှာပါ” လို့ ပိုင်ဖြိုးသုကဆိုပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားက တော်လှန်ရေးကာလမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ ၂၀၂၀ ကတည်းက ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပြီး အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။
ဒါရိုက်တာဏကြီးက ဒီရုပ်ရှင် ရုံတင်ပြသမယ့် အချိန်ကတည်းက ဒီရုပ်ရှင်က တော်လှန်ရေး ရန်ပုံငွေ အနေနဲ့ မဟုတ်ပဲ သူတို့ရဲ့ ကိုယ်ပိုင် ပရောဂျက်အနေနဲ့ ပြသသွားမှာလို့ တရားဝင်ပြောကြားထားတာပါ။
ဒီရုပ်ရှင်ကို ရုံတင်မပြသခင်ကလည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေေမှာ ပါဝင်ပြသခဲ့ပြီး ဆုတွေလည်း ရခဲ့ပါတယ်။
လက်ရှိကာလမှာ စစ်ကောင်စီက ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပါဝင်တဲ့ ရုပ်ရှင်တွေ ရုံတင်ခွင့်မပေးသလို ကြော်ငြာတွေတောင် ပြသခွင့်မ ပေးပါဘူး။
မြန်မာနိုင်ငံမှာ ပြသခွင့် မရပေမယ့် “What happened to the wolf? ” ရုပ်ရှင်ကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံ ၉ နိုင်ငံမှာ ပြသနိုင်ခဲ့ပြီး ပရိသတ် နှစ်သောင်းကျော်ကြည့်ရှူအားပေးခဲ့တယ်လို့ ဒါရိုက်တာဏကြီးက အသိပေးထားပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှူကြောင့် ဝမ်းသာဂုဏ်ယူရသလို မြန်မာပြည်ကနေ တိမ်းရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာအလုပ်ဆက်လုပ်နိုင်တယ်ဆိုတာကိုလည်း သက်သေပြနိုင်တာလို့ ဒါရိုက်တာ ဏကြီးကပြောပါတယ်။
“စစ်အာဏာရှင်ဟာ တော်လှန်အနုပညာရှင်တွေရဲ့ အသံတွေပျောက်ကွယ်သွားအောင် ၅၀၅ (က) လို ပုဒ်မတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်၊ ဖမ်းဆီးခဲ့တယ်။ တကယ်လည်း ပြည်တွင်းမှာ ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကို ပိတ်ပင်တားမြစ်ခဲ့၊ တားမြစ်ဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ အသံတွေ တိတ်ဆိတ်သွားစေဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အသံတွေ ပိုကျယ်လောင်လာဖို့ လိုအပ်ပါတယ်။” လို့ ဒါရိုက်တာဏကြီးက သူ့ခံယူချက်ကိုပြောပါတယ်။


















































