Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာအနီး နဲ့ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေ

မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်း နဲ့ ပဲခူးတိုင်းထဲက တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်က လေသာတောင်စခန်း ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး AAနဲ့ ပူးပေါင်းတပ်တွေကစစ်သုံ့ပန်းအများအပြားကို ဖမ်းမိထားတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

အာရက္ခတပ်​တော် (AA)တပ်ဖွဲ့ဝင်​တွေစစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-AA

​အောက်တိုဘာ-၇၊၂၀၂၅။လူအေး/People’s Spring

မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်း နဲ့ ပဲခူးတိုင်းထဲက တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်က လေသာတောင်စခန်း ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး AAနဲ့ ပူးပေါင်းတပ်တွေကစစ်သုံ့ပန်းအများအပြားကို ဖမ်းမိထားတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နတ်ရေကန်ဗျူဟာက ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့လည်း ဆက်စပ်နေပြီး AAနဲ့ ပူးပေါင်းထပ်တွေ သိမ်းယူထားတဲ့စခန်းတချို့ကို စစ်တပ်က အင်အားဖြည့်ပြီးစစ်ကြောင်းတွေထိုးလာတဲ့အတွက်ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကတည်းက တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အဓိကကာကင်းစခန်းဖြစ်တဲ့ ဂုတ်ကြီးစခန်းကို ပြီးခဲ့တဲ့စက်တင်မှာလကုန်ပိုင်းမှာ AAနဲ့ ပူးပေါင်းထပ်တွေသိမ်းယူလိုက်ပြီး​နောက်မှာ စစ်တပ်ကအ်အားဖြည့်ပြီးစစ်ကြောင်း​တွေထိုးလာလို့ တိုက်ပွဲ​တွေဆက်လက်ပြင်းထန်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဂုတ်ကြီးနားမှာရော နတ်ရေကန်ဗျူဟာရဲ့ တခြားဘက်တွေမှာရောတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေ ရှေ့တန်းမှာတော်တော်များများတွေ့ရတယ်။ တိုက်ပွဲအသေးစိတ်အခြေအနေကို လက်ရှိမှာပြောဖို့မရှိသေးပါဘူး” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အောက်တိုဘာလ၆ရက်မနက်ပိုင်းမှာ ပြောပါတယ်။

နတ်ရေကန်ဗျူဟာက ငဖဲမြို့နယ်အပြင် အထက်မင်းလှမြို့နယ်နဲ့လည်းဆက်စပ်နေပါတယ်။ ငဖဲမြို့နယ်အတွင်း နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်မှာ စက်တင်ဘာလ ၇ရက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၇၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အထက်မင်းလှမြို့နယ်အတွင်း စက်တင်ဘာလ ၁ ရက်ကနေစက်တင်ဘာလ ၁၈ရက်အတွင်းတိုက်ပွဲတွေမှာလည်းစစ်တပ်ဘက်မှာ သေဆုံးသူ၃၀ဦးခန့်ရှိသလို သုံ့ပန်းအချို့လည်းဖမ်းမိထားတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူကပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ နဲ့ ပဲခူးတိုင်းကိုအဓိကဆက်သွယ်ထားတဲ့တောင်ကုတ်- ပန်းတောင်းကားလမ်းမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။

စစ်ကောင်စီစစ်ကြောင်းတချို့ဟာ တောင်ကုတ်- ပန်းတောင်းကားလမ်းကတဆင့် တောင်ကုတ်မြို့ကို ထိုး​ဖောက်ဝင်​ရောက်နိုင်ဖို့ ကြိုးစားနေပြီး AAနဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်က လေသာတောင်စခန်းအနီးမှာ အောက်တိုဘာလဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေတာလို့​မြေပြင်သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

” တောင်ကုတ်ကိုတည်မယ့်လမ်းကို စစ်ကြောင်းတွေဝင်လာတယ်။ သူတို့တပ်စွဲထားနိုင်တဲ့နေရာတွေမှာတင့်ကားတွေနဲ့ အသေနေရာယူပြီး တောက်လျှောက်ပစ်နေတာရှိတယ်။ ညောင်ကျိုး၊ဥသျှစ်ပင်ဘက်ကလည်းစစ်ကြောင်းတွေထပ်ပို့နေတယ်။ မြေပြင်တိုက်ပွဲမှာ သုံ့ပန်းတွေရထားတယ်”လို့ပဲခူးတိုင်းမှာအခြေစိုက်တဲ့ AAရဲ့ မဟာမိတ်တပ်ဖွဲ့တစ်ခုက တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

လေသာတောင်စခန်းကို AAနဲ့ မဟာမိတ်တွေက သိမ်းပိုက်ထားတာပါ။ လေသာတောင်လမ်းဟာ တောင်ကုတ်-ပန်းတောင်းလမ်းကို အဓိကဆက်သွယ်ထားပြီးစစ်ကောင်စီတပ်စွဲထားတဲ့ ပန်းတောင်းမြို့နယ်ထဲက ဆင်လမ်းရွာနဲ့ AAထိန်းချုပ်ထားတဲ့ ညောင်ကျိုးကြားမှာ ရှိတာပါ။

လေသာတောင်စခန်းဝန်းကျင်ကတိုက်ပွဲတွေမှာလည်း စစ်တပ်က ဂျက်ဖိုက်တာ၊ Y12 နဲ့ ဒရုန်းတွေအဓိကသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ထိစပ် ဒေသတွေကိုပြီးခဲ့တဲ့သြဂုတ်လာမတိုင်မီအထိ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေ စေလွှတ်ထားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေမှာ တပ်မ (၉၉)လက်​အောက်ခံတပ်ရင်း​တွေဟာ ​သေဆုံးဒဏ်ရာရသူများပြီးအထိနာတဲ့ အတွက် တပ်မ(၉၉) တပ်မမှူး ၊ဗိုလ်မှူးကြီးတင်မောင်ကျော်ကို ပြန်ဖမ်းပြီးတပ်မ (၉၉) ​နေရာကိုရှမ်းပြည်နယ်​​တောင်ပိုင်း မိုင်းပန်မြို့ အ​ခြေစိုက် အမှတ်(၁၇)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၇) နဲ့ လဲလှယ်ခဲ့ပါတယ်။

စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ AAက စက်တင်ဘာလ၇ရက်မှာထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အထက်မင်းလှမြို့နယ်အခြေစိုက် ကပစ (၂)၊ ကပစ(၁၀)၊ ဆင်ပေါင်ဝဲမြို့နယ်က ကပစ(၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်ပကို ထုတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာမကွေးတိုင်းအတွင်းမင်းတုန်း၊သရက်၊ ဆင်ပေါင်ဝဲ၊အထက်မင်းလှ၊ ငဖဲမြို့နယ်တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ စစ်ရေးတင်းမာနေတယ်လို့သတင်းရရှိပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ AAက သီးခြားထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

တိုက်ပွဲတွေမှာစစ်မှုထမ်းသင်တန်းဆင်းတွေအများအပြားထွက်ပြေးနေပြီး ထိခိုက်သေဆုံးမှုတွေလည်းများပြားနေတယ်လို့ AAကစက်တင်ဘာလ၂၈ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ တပ်ပျက်နေတဲ့ စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန် နဲ့ပတ်သက်တဲ့အရေးပေါ် သတိပေးချက်ကိုလည်း AAကအဲဒီနေ့မှာထုတ်ပြန်ထားအသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။