အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့ရေး အစီအမံတွေ ဖြတ်တောက် လျှော့ချမှုကြောင့် မြန်မာ ကလေးငယ်တွေ ငတ်မွတ်နေ၊ သေကြေနေကြတယ်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဟီလာရီ ကလင်တန်က Facebookမှာ မျှဝေခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီလွန်မတ်စ်ခ်တို့ကို ဝေဖန် ရှုတ်ချထားခဲ့ပါတယ်။
ထရမ့်နဲ့ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ဟောင်း၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး မတ်စ်ခ်တို့ဟာ အမေရိကန်ရဲ့ ကမ္ဘာတလွှားက အကူအညီပေးရေး ရန်ပုံငွေတွေကို ကွပ်ကဲနေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ လုပ်ငန်းတွေ အမြောက်အမြားကို ဖြတ်တောက် လျှော့ချခဲ့ကြသူတွေပါ။ USAID ချိနဲ့သွားခြင်းက မြန်မာ အပါအဝင် ကမ္ဘာအနှံ့မှာ အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေကို အကြီးအကျယ် အကျပ်တွေ့စေခဲ့ပါတယ်။
AP သတင်းဌာနရဲ့ Starving children screaming for food as US aid cuts unleash devastation and death across Myanmarဆိုတဲ့ ဆောင်းပါးကို ကလင်တန်က အောက်တိုဘာ ၈ ရက်နေ့မှာ မျှဝေထားခဲ့ရာမှာတော့ ထရမ့်နဲ့ မတ်စ်ခ်တို့က USAIDကို မလိုအပ်ဘဲ ဖျက်ဆီးလိုက်လို့ ကမ္ဘာတလွှားက ကလေးတွေ သေဆုံးနေကြောင်း၊ ဒီဆောင်းပါးမှာတော့ အဲဒီဖြစ်စဉ်တွေထဲက တချို့ကို တွေ့နိုင်ကြောင်း အညွှန်းစာ ရေးထားခဲ့ပါတယ်။
Children around the world have died because Trump and Musk needlessly destroyed USAID. These are some of their…Posted by Hillary Clinton on Wednesday 8 October 2025
ဆောင်းပါးထဲမှာတော့ USAIDရဲ့ ရန်ပုံငွေ လျှော့ချမှုတွေကြောင့် မြန်မာ့ ဒုက္ခသည် အသိုက်အဝန်းမှာ အကျပ်အတည်းတွေ အရမ်းဆိုးရွားသွားတာ၊ ကလေးတွေ ငတ်မွတ်ကြ၊ သေကြေကြတာကို အကျယ်တဝင့် ဖော်ပြထားပါတယ်။ ဆောင်းပါးထဲမှာတော့ မြန်မာ့ လူဦးရေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ထိဟာ အခုဆိုရင် အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားကြောင်း ရေးသားထားပါတယ်။

Public Service Announcement
Lancetရဲ့ သုတေသန စစ်တမ်းတစ်ခုမှာတော့ အမေရိကန်ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေ ဖြတ်တောက်ခြင်းနဲ့ ဆက်စပ်ပြီး ၂၀၃၀ ထိ ကမ္ဘာတလွှားမှာ လူ ၁၄ သန်းလောက် တိုးပွားသေဆုံးနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ မြန်မာဟာ အထိအနာဆုံး နိုင်ငံတစ်ခု ဖြစ်နိုင်ပြီး ၅ နှစ်အောက ကလေး ၄.၅ သန်းလောက်ထိ သက်ရောက် ထိခိုက်နိုင်တယ်လို့ ပါရှိခဲ့ပါတယ်။ အခုတောင်မှ စစ်ဘေးသင့် မြန်မာနိုင်ငံမှာ ငတ်မွတ်လို့၊ ဖျားနာတာကို ထိထိရောက်ရောက် မကုသနိုင်လို့ သေဆုံးတဲ့ ကလေးတွေ အများအပြား ရှိနှင့်နေပြီလို့ AP ဆောင်းပါးက ဆိုပါတယ်။
စစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ကတော့ အခြေအနေ အဆိုးဆုံး နယ်မြေတစ်ခုဖြစ်ပြီး အခြေခံ စားကုန်တွေတောင်မှ မဖူလုံတဲ့ မိသားစုဝင် အချိုးအစားဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ၃၃ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၅ ဧပြီမှာ ၅၇ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ကောက်ချက် ချထားပါတယ်။
စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ငွေကြေးကျပ်တည်းမှုတွေကြောင့် စစ်ရှောင်တွေ၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ အများအပြားဟာ တစ်နေ့ကို ထမင်းတစ်နပ်သာ စားရတာမျိုး၊ တချို့ဆို ထမင်းမစားနိုင်လို့ စရိတ်ချွေတာပြီး ဆန်ပြုတ်ပဲ သောက်နေရတာမျိုးတွေနဲ့ ရုန်းကန် ဖြတ်သန်းနေရကြောင်း ဆောင်းပါးမှာ ပါရှိခဲ့ပါတယ်။
ဆင်းရဲတဲ့၊ ငတ်မွတ်တဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ကိစ္စတွေ အကြောင်းကိုလည်း AP ဆောင်းပါးက မီးမောင်းထိုးပြခဲ့ပြီး မိသားစုကို မကျွေးမွေးနိုင်တော့လို့ အဆိပ်သောက်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ အကြောင်းကိုလည်း ဖော်ပြထားခဲ့ပါတယ်။
အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်တွင်းစစ်ဒဏ်ကြောင့် အလူးအလဲ ရုန်းကန်နေရတဲ့ အရှေ့တောင်အာရှ နိုင်ငံမှာ အမေရိကန် အစိုးရရဲ့ စရိတ် ဖြတ်တောက်မှုတွေကြောင့် ဒုက္ခသည် စခန်းတွေရဲ့ ဆေးရုံ၊ ဆေးခန်းတွေပါ ပိတ်ခဲ့ရခြင်းကလည်း ပြဿနာတွေကို ဘူးလေးရာ ဖရုံဆင့် ဖြစ်စေခဲ့ပါတယ်။ အကူအညီပေးရေး ဝန်ထမ်းတွေကတော့ မြန်မာဟာ ငရဲဘုံရဲ့ အောက်ဆုံးအဆင့်ကို ရောက်နေတယ်လို့ ဥပမာ ပေးခဲ့ကြပြီး စစ်ရှောင်တွေ၊ ဒုက္ခသည်တွေဟာ တောထဲမှာ မျှစ်တွေ၊ ပိုးကောင်တွေ ရှာစားရတဲ့ အခြေအနေထိ ရုန်းကန်နေရတယ်လို့ ပြောပြကြပါတယ်။ ဆင်းရဲတွင်း နက်နေတဲ့ အမျိုးသား တစ်ဦးကတော့ ငတ်နေတာထက်စာရင် သူတို့အပေါ် တည့်တည့်ကြီး ဗုံးကြဲချလိုက်တာမျိုးကို ပိုမျှော်လင့်နေမိပြီလို့ ဖွင့်ဟထားခဲ့ပါတယ်။
တကယ်တော့ ထရမ့်ရဲ့ အစိုးရက မလိုအပ်တဲ့ အပိုဆောင်း ကုန်ကျမှုတွေလို့ စွပ်စွဲပြီး ဖြတ်တောက်ခဲ့တဲ့ USAID ရန်ပုံငွေတွေဟာ အမေရိကန်ရဲ့ နှစ်စဉ် အသုံးစရိတ် ၁ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ အဲဒီငွေကြေးတွေ ရောက်ရှိမှု ရပ်တန့်သွားတဲ့အခါ ရှိရင်းစွဲ ယိုင်နဲ့နေတဲ့ မြန်မာ့ ဒုက္ခသည်တွေရဲ့ ဘဝအခြေအနေဟာ အဆိုးဆုံးထိ ပြိုလဲကုန်တာ ဖြစ်ပါတယ်။ နိုင်ငံက ဒီအတိုင်း ဆက်သွားနေရင် အကုန်သေကုန်ကြတော့မှာလို့ AP သတင်းထောက်ကို ဒုက္ခသည် တစ်ယောက်က ပြောခဲ့ပါတယ်။
ကလင်တန်က Facebookမှာ ဆောင်းပါးကို ဝေမျှထားတဲ့နောက် မြန်မာ့ အကျပ်အတည်းကို မီးမောင်းထိုးပြထားတဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်း မြန်မာပြည်သူတွေကပါ မှတ်ချက်တွေ ဝင်ရေးထားတာ တွေ့ခဲ့ရပါတယ်။
ကလင်တန်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ပြိုင်ဘက်ဖြစ်ခဲ့သူပါ။ ရွေးကောက်ပွဲ မဲပေးမှုတွေမှာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်ခဲ့တဲ့ ကလင်တန်က ထရမ့်ထက် လူထု ထောက်ခံမဲ အရေအတွက် ၃ သန်းနီးပါး ပိုရခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ သမ္မတ တင်မြှောက်မှုဟာ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ ရွေးကောက်တင်မြှောက်ခွင့် ခွဲတမ်း မဲအရေအတွက်နဲ့သာ ဆုံးဖြတ်တာ ဖြစ်တာကြောင့် ထရမ့်က အနိုင်ရပြီး အမေရိကန်ရဲ့ ၄၅ ဆက်မြောက် သမ္မတ ဖြစ်လာခဲ့ပါတယ်။
ကိုးကား: Hilary Clinton Facebook, AP


















































