Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုရဲ့အဓိကရင်းနှီးမြှုပ်နှံသူ တရုတ် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်ကိုတရုတ်ကို ပြန်လွှဲဖို့ ထိုင်းစီစဉ်နေ

ရှီကျီကျန်းဟာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ပူးပေါင်းပြီး ရွှေကုက္ကို စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ

​အောက်တိုဘာ-၂၄၊၂၀၂၅။People’s Spring

တရားမဝင် လောင်းကစားဝိုင်းတွေ၊ အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်းတွေရဲ့ အမာခံ ခြေကုပ်နယ်မြေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ တရုတ် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်ကို တရုတ်နိုင်ငံဆီ ပြန်လွှဲပေးဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပြီ ဖြစ်ပါတယ်။

ရှီကျီကျန်းဟာ ထိုင်းနဲ့ နယ်စပ်နားက ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက ရွှေကုက္ကို မြို့သစ် ထူထောင်မှုမှာ အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ သူ့ရဲ့ Yatai ကုမ္ပဏီဟာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ပူးပေါင်းပြီး ရွှေကုက္ကို စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ။ ရွှေကုက္ကိုအတွက် Yataiရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဘတ် ၅၂၅ ဘီလီယံထက်မနည်း ရှိတယ်လို့ သိရပါတယ်။

စောချစ်သူနဲ့ ရှီက ရွှေကုက္ကိုကို နယ်စပ်က ရင်းနှီးမြှုပ်နှံမှု မြို့တော်သစ်အဖြစ် ညွှန်းဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ကျားဖြန့်နဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ ကြီးစိုးရာ ဒုစရိုက်ရပ်ဝန်းကြီး ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့မှာတော့ ထိုင်းရဲတွေက ဘန်ကောက်မြို့တော်မှာ ရှိနေတဲ့ ရှီကို ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို နိုင်ငံတကာ မှုခင်းတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (အင်တာပိုလ်)က ၂၀၂၁ ခုနှစ်၊ မေလကတည်းက အလိုအရှိဆုံး စာရင်းဝင်အဖြစ် ဝရမ်းထုတ်ထားပါတယ်။ ရှီကို ဘန်ကောက်မှာရှိတဲ့ ခလောင်ပရမ် ဗဟိုအကျဉ်းထောင်ကြီးမှာ ထိန်းသိမ်းထားပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တုန်းက ထိုင်းရဲ့ ရာဇဝတ် ခုံရုံးက အွန်လိုင်း လောင်းကစားမှု စွပ်စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ မိခင်နိုင်ငံ တရုတ်ဆီ ပြန်လည် လွှဲပြောင်းပေးရမယ်လို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ ရှီဟာ ကမ္ဘောဒီးယား နိုင်ငံသား အဖြစ်လည်း ပူးတွဲ ခံယူထားတာကြောင့် သူ့ရဲ့ ရှေ့နေတွေက အဲဒီအချက်ကို ထောက်ပြပြီး တရုတ်ဆီ ပြန်ပို့မယ့် ကိစ္စကို အယူခံဝင် ကန့်ကွက်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာတော့ အဲဒီ အယူခံအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ထိုင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရုံးက ချမှတ်ပေးခဲ့ရာမှာ ရှီကို တရုတ်နိုင်ငံ ပြန်လည် ပို့ဆောင် လွှဲပြောင်းပေးခြင်းဟာ ဥပဒေကြောင်းအရ ကျိုးကြောင်းဆီလျော်ပြီး အခြေခံဥပဒေပါ စည်းမျဉ်းတွေကို ဖောက်ဖျက်မှု မရှိကြောင်း သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ရှီဟာ သေချာပေါက် တရုတ်ဆီ ပြန်လွှဲပြောင်းပေးတာ ခံရတော့မှာပါ။

ထိုင်းအကျဉ်းဦးစီး ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒုတိယ ရဲမှူးကြီး ပရာဝစ် ဝန်ဆီနင်က တရားခံ လွှဲပြောင်းရေး ကိစ္စအတွက် လိုအပ်တာတွေ စီစဉ်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး တာဝန်ရှိသူတွေနဲ့ တောက်လျှောက် ညှိနှိုင်း လုပ်ဆောင်နေကြောင်း၊ တရားခံရဲ့ အရေးပါမှုကြောင့် အခုကိစ္စကို ထောင့်စေ့အောင် စီမံကိုင်တွယ်နေကြောင်း ပြောကြားခဲ့ပါတယ်။ သူက လွှဲပြောင်းမှုကို ဘယ်နေ့၊ ဘယ်အချိန်မှာ လုပ်ဆောင်မလဲ ဆိုတာကိုတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့် ထုတ်မပြောခဲ့ပါဘူး။

၂၀၂၂ ခုနှစ်တုန်းက ရှီကို ဖမ်းဆီးခဲ့ချိန်မှာ ထိုင်းရဲတပ်ဖွဲ့က သူဟာ ငွေညှစ်မှု၊ အွန်လိုင်း လောင်းကစားမှု၊ ငွေကြေးလိမ်လည်မှု၊ လူမှောင်ခိုမှုတွေနဲ့လည်း ယှက်နွှယ် ပတ်သက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။