နိုဝင်ဘာ-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆောင်မြို့နယ်စပ်မှာအိန္ဒိယနိုင်ငံဘက်ကနေခြံစည်းရိုးကာဖို့ပြင်ဆင်နေပြီး အဲ့ဒီအပေါ် ဒေသခံတွေကကန့်ကွက်နေကြပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ကျောက်တိုင်အမှတ် ၁၇၃ နဲ့ ၁၇၂ ဘက် နယ်စပ်တစ်လျှောက်ကိုခြံစည်းရိုးကာဖို့ အိန္ဒိယဘက်ကနိုဝင်ဘာလဆန်းကစတင်ပြီးပြင်ဆင်လာတာဖြစ်ပါတယ်။
“ မြေထိုးစက်ကြီးတွေနဲ့ဘက်ဟိုးတွေသုံးပြီး ရှင်းလင်း ရေးလုပ်နေတယ်။အရင်ကတည်းက ဒေသခံအချင်းချင်းအဆင်ပြေပြေသွားလာနေကြတဲ့နေရာတွေ။အခုလို မြန်မာနိုင်ငံဘက်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အနေအထားမျိုးမှာ ခြံစည်းရိုးကာဖို့လုပ်နေတာကဆင်ခြင်သင့်ပါတယ်” လို့ပန်ဆောင်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ပန်ဆောင်မြို့နယ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ယွန်းမြို့နယ်ထဲမှာပါဝင် ပါတယ်။ အိန္ဒိယဘက်က ခြံစည်းရိုးကာဖို့တစ်ဖက်သတ်ပြင်ဆင်နေခြင်းဟာ နယ်စပ်ဒေသမှာရှိတဲ့ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ကျန်းမာရေးဆိုင်ရာအခြေအနေတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ အရပ်ဖက်အဖွဲ့စည်းတွေက ဆွေးနွေးနေကြဆဲဖြစ်ပြီးမကြာခင်မှာထုတ်ပြန်ချက်တွေထုတ်ပြီး တရားဝင်ကန့်ကွက်လိမ့်မယ်လို့ သိရပါတယ်။
ဒေသတွင်းမှာရှိတဲ့အရပ်ဘက်အဖွဲ့တချို့ကိုဆက်သွယ်မေးမြန်းရာ လတ်တလောမှာတရားဝင်ဖြေကြားဖို့မရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာနဲ့အိန္ဒိယနိုင်ငံဟာကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ နာဂဒေသတို့နဲ့ ၁၀၂၁ မိုင်ခန့် ထိနယ်စပ်ဆက်စပ်နေပါတယ်။
အိန္ဒိယအစိုးရကတမူးမြို့နယ် နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ခြံစည်းရိုးကိုလည်း ပြီးခဲ့တဲ့မေလကစတင်ပြီး မြန်မာနိုင်ငံပိုင်နက်ဖက်ကို တိုးကာနေလို့ မြေပြင်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတားဆီးခဲ့ရပါတယ်။နှစ်နိုင်ငံနယ်ခြားစည်းညှိနှိုင်းမှုမပြီးပြတ်သေးသည့်ကာလမှာ တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက NUG က တရားဝင်တောင်းဆိုထားပါတယ်။
အိန္ဒိယအစိုးရဟာအာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေးနေပြီး ပြည်သူလူထုရဲ့ဆန္ဒကို လစ်လျူရှုထားတယ်လို့ နယ်စပ်ဒေသက မြန်မာတွေနဲ့ အိန္ဒိယရောက်မြန်မာအရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားကြပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခုလို နယ်စပ်ခြံစည်းရိုးကိုတစ်ဖက်သတ်ကာဖို့ မစတင်ခင်ကလည်း ဒေသတွင်း တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေမယ်လုပ်ရပ်တွေကို အိန္ဒိယဖက်ကပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ၁၃ ရက်ကလည်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့နယ်က ကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့လို့ အရပ်သားနေအိမ်တွေပျက်စီးခဲ့ပါတယ်။အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကိုပစ်မှတ်ထားဗုံးကြဲတာလို့ India Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကိုလည်း အောက်တိုဘာလ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၈နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) တာဝန်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတာလို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ကမ်မော်လော်ရီ ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခြင်းဟာ သူရဲဘောကြောင်တဲ့ အိန္ဒိယစစ်တပ်ရဲ့လုပ်ရပ်ဖြစ်ပြီးအပြင်းထန်ဆုံးရှုံ့ချတယ်လို့NSCNက အောက်တိုဘာလ၂၁ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ကလည်း တမူးနဲ့ကလေးမြို့နယ်ကတိုက်ပွဲတွေမှာ ၎င်းတို့နဲ့အတူပူးတွဲတိုက်ခိုက်ခဲ့တဲ့ ကသည်းလက်နက်က်ိုင်တပ်ဖွဲ့ဝင်တွေကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့နယ်၊ဆွမ္မရာမြို့ကို နိုဝင်ဘာလဆန်းကစပြီး ပို့ဆောင်ထားလို့ ဒေသခံတွေကကန့်ကွက်နေကြပါတယ်။
“ နာဂက ဝေးလံခေါင်ဖျားဒေသဖြစ်တယ်။သတင်းတွေမထွက်တဲ့အခါမြေပြင်မှာအခြေအနေတွေရှုပ်ထွေးနေတယ်” လို့ ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။


















































