Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသမှာ လူငယ်တစ်ဦးကို သိန်း ၃၅၀နဲ့ ဝယ်ပြီး စစ်သင်တန်းပို့

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

(နာဂဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့အဝင်မုဒ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

စက်တင်ဘာ-၂၈၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ယာဉ်နောက်လိုက် စုစုပေါင်း၁၁ဦးကို စစ်ကောင်စီက ဖမ်းပြီး အဲ့ဒီ ၁၁ဦးဆီကနေ တောင်းယူတဲ့ ငွေနဲ့ စစ်မှုထမ်းသင်တန်းတက်မယ့်လူငယ်တစ်ဦးကို ဝယ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

“ပြန်ပေးဆွဲသလို ဖမ်းပြီး ငွေတောင်းတာ။ လူတွေရော ကားတွေရော ဖမ်းပြီး ပြန်ပေးဆွဲတာ။ အခုက လူကို ကျေးကျွန်လို့ အရောင်းအဝယ်လုပ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၃ရက်က ဖမ်းဆီးတာဖြစ်ပြီး ကားကိုးစီးအနက် တစ်ချို့ကို ကျပ်သိန်း၄၀၊ တချို့ကို ၄၅သိန်း တောင်းယူပြီးမှ လူတွေကို ပြန်လွှတ်ပေးတာလို့ သတင်းရရှိပါတယ်။

“အကုန်ပြန်လွတ်ဖို့ဆိုရင် လူတစ်ယောက်အစားထိုးပေးရမယ်လို့တောင်းတယ်။ လူမပေးနိုင်တော့ ပိုက်ဆံတောင်းတယ်။ အဲဒီပိုက်ဆံနဲ့ လူဝယ်ပြီးထည့်လိုက်တယ်။ ဒါက နာဂဒေသမှာ လူမဆန်တဲ့လုပ်ရပ်ကိုလုပ်တာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလုပ်ရပ်ကို ဦးဆောင်ခဲ့သူတွေက လေရှီးမြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ ဒုရဲအုပ်ဂျော့စိုင်းနဲ့ လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးတို့ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ၂၃ရက် မနက်မှာ ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကားကိုးစီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းလာခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးခဲ့တာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းခဲ့ကြရပါတယ်။

” ၁၁ယောက်လုံး ပြန်လွတ်လာပေမယ့် တခြား ရွာက နာဂလူငယ်တစ်ယောက်ကတော့ ပါသွားပြီ။ အခုဆို ဘယ်သူမှလည်းခရီးမထွက်ရဲကြတော့ဘူး”လို့ နာဂဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပါဝင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။ စစ်ကောင်စီက ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကနေစောင့်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေဖမ်းဆီးနေတဲ့အတွက် အခက်အခဲတွေပိုပြီးကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

နိုင်ငံအနှံ့ စစ်မှုထမ်းအင်အားလိုအပ်နေတဲ့စစ်ကောင်စီက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း အသက်၁၈နှစ်အထက် လူငယ်တွေကို စစ်မှုထမ်းစာရင်းသွင်းပြီး လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်တွေကို လေရှီးမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြီး စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လေရှီးမြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ၊ လူငယ်တွေအနေနဲ့ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ စစ်မှုထမ်းစာရင်းမှာ ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူတွေအနေနဲ့ လုံခြုံရေးအထူး ဂရုပြုကြဖို့ ဒေသခံတွေအချင်းချင်းတိုက်တွန်းသတိပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook