တရုတ်နဲ့ နှစ်ဖက် ဆက်ဆံရေး တင်းမာနေမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်ပြီး ဂျပန်ဟာ သံတမန်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးကို ဘေဂျင်းမြို့ဆီ စေလွှတ်ခဲ့ပါတယ်။
ဂျပန် ဝန်ကြီးချုပ်သစ် ဆာနအဲ တကအိချိက လဆန်းပိုင်းမှာ လွှတ်တော်ထဲ ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းကို အကြောင်းပြုပြီး အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲမှုတွေ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံ အမတ် တစ်ဦးက တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန် အစိုးရ အနေနဲ့ ဘာလုပ်မလဲလို့ မေးမြန်းတဲ့အခါ တကအိချိက ထိုင်ဝမ်ကို ကူဖို့ ဂျပန်ရဲ့ ပြည်စောင့်တပ်တွေကို ဖြန့်ကျက်စေမယ်လို့ အဓိပ္ပါယ်မျိုး တုံ့ပြန် ဖြေကြားခဲ့ပါတယ်။
ဒီကိစ္စဟာ တရုတ်အတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်စေခဲ့ပြီး ဂျပန် သံအမတ်ကြီးကိုပါ ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း တရုတ် ကောင်စစ်ဝန် တစ်ဦးက တကအိချိရဲ့ စကားကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့ရာမှာ ထည့်သွင်း သုံးစွဲတဲ့ စကားပုံ တစ်ခုက ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ်ဆိုတဲ့ သဘောမျိုးပါ အဓိပ္ပါယ် နှစ်ခွ ထွက်နေခဲ့တာကြောင့် ပြဿနာတွေ ပိုရှုပ်ထွေးကုန်ပါတယ်။
အဲဒီနောက် တရုတ်က နိုင်ငံသားတွေ အနေနဲ့ ဂျပန်ကို သွားရောက်လည်ပတ်တာမျိုး မလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သလို တရုတ်မှာ ရုံတင်မယ့် ဂျပန်ရုပ်ရှင်တွေကိုလည်း ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီအခြေအနေက ဂျပန်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် သိသိသာသာ ထိခိုက်စေပြီး ဂျပန်စီးပွားရေး လုပ်ငန်းတွေရဲ့ စျေးကွက်ရှယ်ယာ တန်ဖိုးတွေလည်း အကျဖက် ဦးတည်သွားစေခဲ့ပါတယ်။

Public Service Announcement
တကအိချိကတော့ သူ့ရဲ့ စကားဟာ တရုတ်ကို ရန်စဖို့ မရည်ရွယ်ခဲ့ဘဲ ဂျပန်ရဲ့ ရှိရင်းစွဲ ရပ်တည်မှု မူဝါဒတွေကိုပဲ တိတိကျကျ မှတ်ချက်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ကတော့ ထိုင်ဝမ်အရေးမှာ ဂျပန်ကသာ တကယ်ပဲ စစ်ရေးအရ ဝင်စွက်ဖက်ရင် မရှုမလှ ရှုံးနိမ့်မှုမျိုး ကြုံသွားစေရမယ်လို့တောင် ခြိမ်းခြောက်ထားပါတယ်။
တင်းမာမှုတွေက ဆက်တိုက် ပိုတိုးလာနေတဲ့နောက် ဂျပန်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှ-သမုဒ္ဒရာပိုင်းဇုန်ရေးရာ အကြီးအကဲ မာဆာကီ ကာနိုင်ကို ဘေဂျင်းဆီ စေလွှတ်ခဲ့ပါတယ်။ သူဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ စီးပွားရေး ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူးချုပ် လျူကျင်ဆောင် အပါအဝင် တရုတ် အရာရှိ တချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကာနိုင်ရဲ့ မစ်ရှင်ဟာ ဂျပန်ရဲ့ လုံခြုံရေး မူဝါဒက ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတာမျိုး မဟုတ်ကြောင်း ရှင်းပြဖို့၊ လက်ရှိ ပြဿနာတွေ ပိုဆိုးမလာအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရေး တရုတ်ကို ညှိနှိုင်းတောင်းဆိုဖို့ ဖြစ်နိုင်ပါတယ်။
ထိုင်ဝမ်ဟာ ဂျပန်ပိုင် အနောက်ဖက်ဆုံး ကျွန်းဖြစ်တဲ့ ယွန်နာဂူနီရဲ့ ၁၁၀ ကီလိုမီတာလောက် အကွာမှာ တည်ရှိပါတယ်။ ဂျပန်နဲ့ တရုတ်ကြား လက်ရှိ ဆက်ဆံရေးဟာ အကောင်းဆုံး မဟုတ်တဲ့တိုင် အစိုးရအချင်းချင်း ဆက်သွယ်မှုအတွက် လမ်းကြောင်း တော်တော်များများက ဖွင့်ထားဆဲလို့ ဂျပန် အစိုးရ အတွင်းရေးမှူးချုပ်ရုံးက ကာနိုင်ရဲ့ ဘေဂျင်းခရီးစဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ကာနိုင်ဟာ တရုတ်အနေနဲ့ သင့်တော်မှန်ကန်တဲ့ အဆင့်တွေကို ဖြတ်သန်း လုပ်ဆောင်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့လည်း အစိုးရ အတွင်းရေးမှူးချုပ်ရုံး ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ကတော့ တရုတ်ဟာ ဂျပန်အပေါ် တမင် အပြစ်ရှာပြီး ဖိအားပေးနေတာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ Canoe Institute ကမ္ဘာ့ရေးရာ လေ့လာမှုဌာနရဲ့ တရုတ်-ဂျပန် ဆက်ဆံရေးဆိုင်ရာ သုတေသီ ကန်ဂျီ မင်နီမူရာကလည်း တရုတ် အစိုးရ အနေနဲ့ တကအိချိက သူ့ရဲ့ မှတ်ချက်စကားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ကြောင်း သိလျက်နဲ့ ဆက်တိုက် ဖိအားပေးနေတာလို့ ထောက်ပြခဲ့ပြီး ဒီတင်းမာမှုတွေဟာ လနဲ့ချီ ကြာမြင့်သွားနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တကအိချိရဲ့ မှတ်ချက်ကို အကြောင်းပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွေ တင်းမာမလာခင် တစ်ပတ်လောက်ကပဲ သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေး ညှိနှိုင်းလုပ်ဆောင်ကြဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ကိုးကား: Reuters
















































