နိုဝင်ဘာ-၂၅၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဘောလခဲနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပြီး ဘောလခဲမြို့နယ်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်နေတာလို့ ဆိုပါတယ်။
“ ငါးမြောင်းကတော့ သူတို့တိုးလာတာ။ မိုးဗြဲကတော့ ပြောလို့အဆင်မပြေသေးဘူး။ဘောလခဲကတော့စစ်ကြောင်းကို ဖြတ်တိုက်တာ။စစ်မျက်နှာတိုင်းလိုလိုတော့ ထိတွေ့မှုတွေရှိနေတယ်ပြောရမယ်ပေါ့။ သူတို့ စကမတွေက PNO တွေနဲ့ ပစ(ပြည်သူ့စစ်)အားနဲ့ ထိုးနေတာ” လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်းမှာ စစ်သုံးပစ္စည်းအချို့ရရှိပြီး စစ်တပ်ရဲ့ဗိုလ်အဆင့်သေဆုံးသူတွေ ရှိတယ်လို့ စစ်မြေပြင်မှာရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ငါးမြောင်းဘက်ကို လေကြောင်းကနေ နှစ်ကြိမ် တိုက်တယ်။သူတို့ထုံးစံ သူတို့ခံရပြီ ဗိုလ်အဆင့်ပါကျပြီဆို လေကြောင်းကပါနေကျ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ နီးကပ်လာတာနဲ့တပြိုင်းတည်း လေကြောင်း တိုက်ခိုက်မှုတွေ ကရင်နီပြည်နယ်မှာ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
” ရွေးကောက်ပွဲကိစ္စတွက် လေကြောင်းပိုတိုးဖို့လုပ်ထားတယ်လို့ ကြားဖြတ် သိထားတယ် နေရာတိုင်း လေကြောင်းဂရုပြုဖို့လိုမယ်” လို့ ၎င်းက တိုက်တွန်းပါတယ်။
လက်ရှိ ဒီးမော့ဆိုမြို့နယ်ရဲ့ ဒီးမော့ဆို-မိုးဗြဲ လမ်းပိုင်းပေါ်က ကျေးရွာတွေနဲ့ ဒီးမော့ဆို-လွိုင်ကော် လမ်းပိုင်းအနီးက ကျေးရွာ ၁၀ရွာထက်မနည်းက ပြည်သူတွေ စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ တွင် ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်ထားပြီး ပြည်နယ်အတွင်းနဲ့ ပြည်နယ်တလျှောက်က လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲနဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မျက်နှာငါးခု ဖွင့်ပြီး ထိုးစစ်ဆင်နေပါတယ်။
ဒီးမော့ဆို၊ဘောလခဲနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ နိုဝင်ဘာ-၂၅၊ ၂၀၂၅။ဇော်ဝင်း/People's Spring ကရင်နီပြည်နယ်၊…
Posted by People's Spring on Monday 24 November 2025
ရုပ်သံ – Khun Rocbert Naing/FB














































