နိုဝင်ဘာ-၂၅၊၂၀၂၅။ဇေအောင်/People’s Spring
စစ်တပ်အာဏာသိမ်း ၄နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmarအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ မေလ ၁ရက်ကနေ ၂၀၂၅ မေလ ၃၁ရက်အထိ စစ်တပ်အာဏာသိမ်း ၄နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၆,၈၉၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ပါတယ်။
အဲဒီနေအိမ်တွေထဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၃,၀၅၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲမှာ ၂၀၂၄ မေလအတွင်းက မီးရှိူ့ဖျက်ဆီးခံရတဲ့ အရပ်သား ပြည်သူ့နေအိမ်ပေါင်း ၃၈၄၀ အတွက် ကျူးလွန်တဲ့အဖွဲ့အစည်းတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Data for Myanmar အဖွဲ့က အသိပေးပါတယ်။

Public Service Announcement
တိုင်းနဲ့ပြည်နယ်အလိုက်ကြည့်မယ်ဆိုပါက စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇၆,၉၉၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ်စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ဒါ့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်၊ ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလည်း အရပ်သားနေအိမ်ပေါင်း ၃၇,၉၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က အသိပေးပါတယ်။
ဒီနှစ် ၂၀၂၅ ဖေဖော်ဝါရီလကနေ မေလအတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုမှ ကျေးရွာပေါင်း ၈၅ ရွာက အရပ်သားနေအိမ်ပေါင်း ၃,၆၇၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး မကွေးတိုင်းထဲက စလင်း၊ ရေစကြိုနဲ့ မြိုင်မြို့နယ်၊ စစ်ကိိုင်းတိုင်းထဲက စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ချောင်းဦးနဲ့ ကန့်ဘလူ၊ မန္တလေးတိုင်းက မြင်းခြံနဲ့ ငါန်းဇွန်တို့မှာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထပ်မံအသိပေးပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက မြေတော်နဲ့ မြေစွန်းတော် ကျေးရွာနှစ်ရွာက နေအိမ်ပေါင်း ၅၄၀ ကျော်၊ စလင်းမြို့နယ်ထဲက ဂွေးကုန်းနဲ့ ငသန်းခေါင်ရွာက နေအိမ် ၂၃၉ လုံး မီးရှို့ဖျက်ဆီးခံရလို့ ထိခိုက်မှုအများဆုံးရွာတွေ ဖြစ်ခဲ့ကြောင်း Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုထုတ်ပြန်မှာ ပါတဲ့အချက်အလက်တွေဟာ Data for Myanmar ရဲ့ကောက်ယူမှုသာဖြစ်ပြီး မြေပြင်မှာ ယခုထက်ပိုနိုင်ပါတယ်။
လက်ရှိ နိုဝင်ဘာလ ဒုတိယလဝက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်၊ ကန့်ဘလူ၊ ခင်ဦးနဲ့ ရေဦးမြို့နယ်၊ မကွေးတိုင်းထဲက မြိုင်နဲ့ ပေါက်မြို့နယ်၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှိူ့ခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်တိုရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က မင်းဒပ်ရွာဟာ နိုဝင်ဘာ ၂၃ ရက်က မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး နေအိမ် ၇၀ ကျော် ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာလည်း ပေါက်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့လို့ နေအိမ် ၁၅ လုံး ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်၊ လူသားစာနာဌာနက ထုတ်ပြန်ပါတယ်။ ကျောက်မဲတောင်ကျေးရွာ အပါအဝင် ကျေးရွာ ၁၁ရွာမှ လူဦးရေ ၄၀၀၀ ကျော်ဟာ ဆောနဲ့ ထီးလင်းမြို့နယ်များမှာ ကာလရှည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတာ ၄လကျော် ကြာနေပြီဖြစ်ပြီး စစ်ဘေးရှောင်များတွက် ယာယီတဲများ၊စားနပ်ရိက္ခာ၊ စောင်၊ခြင်ထောင်များ များစွာလိုအပ်နေတယ်လို့ ပေါက်မြို့နယ်၊ လူသားစာနာဌာနက အသိပေးထားပါတယ်။


















































