ဒီဇင်ဘာ-၄၊၂၀၂၅။People’s Spring
မြန်မာဖက်က တိုက်ပွဲတွေကနေ လွင့်စင်လာတဲ့ ကျည်ဆန်တွေနဲ့အစအနတွေထိမှန်လို့ထိုင်းနယ်စပ်မှာအိမ်၉ လုံးထိခိုက်မှုတွေရှိခဲ့ကြောင်းဘန်ကောက်ပိုစ်သတင်းစာကဖော်ပြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာသိမ်း စစ်တပ်နဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)ကြားပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
အဲဒီ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ခြမ်း မဲဆောက်ခရိုင် နယ်စပ်မှာလက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်တွေ လမ်းချော် ကျရောက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

Public Service Announcement
မြန်မာဖက်ခြမ်းက တိုက်ပွဲတွေက နိုင်ငံရဲ့ နယ်စပ် လုံခြုံရေးကို ထိခိုက်စေလာနိုင်တာကြောင့် ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်ကို ၇ ရက် ပိတ်ထားမယ်လို့လည်း ကြေညာထားပါတယ်။
ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေအတွင်း နယ်စပ်ကျေးရွာ ၃ ခုထက်မနည်းမှာ မြန်မာဖက်က လက်နက်ငယ်ကျည် ထိမှန်တဲ့ အိမ် ၉ လုံး ရှိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ နိုင်ငံပိုင်နက်ဖက် လမ်းချော် ကျရောက်ခဲ့တဲ့ လက်နက်ကြီး အစအနတွေကိုလည်း ရှင်းလင်းသိမ်းယူခဲ့ရပါတယ်။အဲဒီထဲမှာ ၅.၅၆ မမနဲ့ ၇.၆၂ မမကျည်ဆန်တွေအပြင် ၆၀ မမ မော်တာ ကျည်တွေပါ ပါဝင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ထိ မြန်မာဖက်ခြမ်းမှာ ပစ်ခတ်သံတွေ ကြားနေရဆဲလို့ ဒေသခံတွေက ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ရှေ့တန်းမှာ ထိခိုက်မှုတွေ များပြားနေတာကြောင့် KK Parkထဲက အဆောက်အအုံ တစ်ခုကို ရှေ့တန်း စစ်ဆေးရုံအဖြစ် ယာယီ အသုံးပြုနေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ရင်းအချို့နဲ့ ပူးပေါင်းပြီး KNU ဖမ်းဆီးထားတဲ့ကျားဖြန့်ရုံရှိတဲ့နေရာဘက်ကိုထိုးစစ်ဆင်နေတယ်လို့ မင်းလက်ပံဒေသတိုက်ပွဲမှာပါဝင်နေတဲ့တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“စကစတော့ BGFနဲ့ ပေါင်းချတာ သူတို့ထိခိုက်မှုရှိတယ်”လို့ ရဲဘော်က ပြောပါတယ်။ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ် အထိနာနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
အနည်းဆုံးစစ်သား ၂၅ ယောက်လောက် ဒဏ်ရာရခဲ့တဲ့အတွက် အခုလိုမျိုး ရှေ့တန်း ယာယီ ဆေးရုံကို စစ်တပ်က ဖန်တီးယူခဲ့တာလို့ သိရပါတယ်။ KK Park ဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ခဲ့တဲ့ နေရာဖြစ်ပြီး နောက်ပိုင်းမှာတော့ စစ်တပ်က ထိန်းချုပ် သိမ်းယူထားခဲ့တာပါ။
ထိုင်းနယ်ခြားစောင့်တပ်ကတော့ မြန်မာဖက်ကနေ လက်နက်ကြီးကျည်ဆန်တွေထိုင်းဖက်ကို ကျရောက်ခဲ့တဲ့ အခါတိုင်း ထိုင်းကလည်း သတိပေးတဲ့ သဘောမျိုး မော်တာကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပြီး အချုပ်အခြာ ပိုင်နက် ထိခိုက်မှု မရှိစေဖို့၊ ပဋိပက္ခတွေ ထိုင်းပိုင်နက်ဖက် ရောက်မလာစေဖို့ အထူးကြပ်မတ် စောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ကိုးကား- Bangkok Post


















































