ဒီဇင်ဘာ-၁၆ ၊၂၀၂၅ ၊ ဇော်ဝင်း/People’s Spring
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၆)ရဲ့ အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ KNDFက ဒီဇင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။
KNDF ဗျူဟာ အမှတ်(၆)ရဲ့ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အပတ်စဥ် (၄)အခြေခံစစ်သင်တန်းကာလမှာ လေးလကြာမြင့်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူ (၂၇၁)ဦး အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
သင်တန်းဆင်းရဲဘော်တွေဟာ သက်ဆိုင်ရာ ဗျူဟာ ၊တပ်ရင်းတွေမှာ တော်လှန်ရေး တာဝန်တွေကို စစ်ပညာရပ်အရည်အသွေးပြည့်ဝစွာနဲ့ ထမ်းဆောင်ကြတော့မှာလို့ အသိပေးပါတယ်။
အခမ်းအနားကို KNDF ဥက္ကဌ ခွန်ဘီထူးနဲ့ စစ်ရေးချုပ်ခူရီဒူးအပြင် တပ်တွင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့တာတွေ့ရပါတယ်။
“ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေက လူထုကို ကြောက်ရမှာဖြစ်တယ်။ကျွန်တော်တို့သည် အမှန်တကယ်လူထုအတွက်အလုပ်အကျွေးပြုပါတယ်ဆိုတဲ့အဖွဲ့အစည်းမှန်ကန်တယ်ဆိုရင် လူထုကို ကြောက်ရမယ်။ဘာကို ကြောက်ရတာလဲဆိုရင် လူထုကိုလိမ်စားတာကို ကြောက်ရမှာ။လူထုကို ညာစားရမှာကို ကျွန်တော်တို့ရှက်ရမှာ။လူထုအပေါ်သစ္စာဖောက်ရမှာကို ကျွန်တော်တို့ ရှက်ရမှာဖြစ်တယ်” လို့ KNDF စစ်ရေးချုပ် ခူးရီးဒူးက အပတ်စဥ်(၄)စစ်သင်တန်းဆင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ပြည်သူလူထုတွေ အိုးအိမ်စွန့်ခွာရတာ နဲ့ အိုးအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ခြင်းခံနေရတယ်တာကို ကာကွယ်နိုင်ဖို့လည်း သူက တိုက်တွန်းပါတယ်။
စစ်ရေးအချက်အလက်တွေအရ ဖရူဆိုနဲ့ ဘောလခဲဒေသက KNDF ဗျူဟာ အမှတ်(၆)ရဲ့နယ်မြေဖြစ်ပြီး လတ်တလော စစ်ကောင်စီထိုးစစ်ဆင်နေလို့ မကြာခဏတိုက်ပွဲ ဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၃၁ရက် စတင်ဖွဲ့စည်းခဲ့တဲ့ KNDF မှာ ဗျူဟာ ၉ ခု တပ်ရင်း ၃၅ခုအထိ ရှိပါတယ်။
မနှစ်ကတည်းက KNDFမှာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်လို့လည်း KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားပါတယ်။
ကရင်နီပူးပေါင်းတပ်တွေနဲ့ အတူ KNDF “ က ၂၀၂၃နိုဝင်ဘာမှာ ၁၁၁၁ စစ်ဆင်ရေးဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေ လုပ်ခဲ့ပါတယ်။ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကိုသိမ်းနိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။
ပြည်နယ်တွင်း အခြေစိုက်တပ်တွေကို မသိမ်းပိုက်နိုင်တာ၊ စစ်မှုထမ်းဥပဒေနဲ့ ပအိုဝ်းပြည်သူစစ် PNOကို အသုံးချတဲ့ စစ်တပ်ရဲ့ တန် ပြန် ထိုးစစ်တွေကြောင့် လွိုင်ကော်၊ ဖယ်ခုံ နဲ့ မိုးဗြဲ မြို့က နေရာအများစုကို ကရင်နီတပ်ပေါင်းစုက လက်လွှတ်ခဲ့ရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ဒီးမော့ဆို ၊ဖရူဆိုနဲ့ ဘောလခဲကို နယ်မြေအသာစီးရယူဖို့ ကြိုးစားနေပါတယ်။
ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတော မြို့နယ်ကလွဲလို့ကျန်မြို့နယ်တွေမှာ ရွေး ကောက်ပွဲပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ဘူးလို့ ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ KNDFဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ၁၉ဖွဲ့ပူးပေါင်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA မှာ ပါဝင်ပါတယ်။






















































