ငွေလိမ်ခြံဝင်းကို ချိတ်ပိတ်၊ လုံခြုံရေးနဲ့ နိုင်ငံရေးတည်ငြိမ်ရင် အဆင့်မြင့်ပညာရေးပုရဝုဏ် တစ်ခုအဖြစ် ပြန်လည်အသုံးပြုမယ်
သက်သေခံပစ္စည်းများစွာသိမ်းယူထားပြီး အချို့ကို ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးဆိုင်ရာ အာဏာပိုင်တွေထံ လွှဲပြောင်းပေးပြီးဟု ထုတ်ပြန်
စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ငွေလိမ်ခြံဝင်းနေရာနဲ့ စစ်ရှောင်နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးရွားဟုဆို
ဒီဇင်ဘာ-၁၇၊ ၂၀၂၅။ ဆန်အောင်/People’s Spring

Public Service Announcement
စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ DKBAက အကာအကွယ်ပေးထားတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းနေရာကို ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၂၁ရက်မှာသိမ်းပိုက်ခဲ့ပြီး ရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ရာ ၃ပတ်ကျော်အကြာမှာ ငွေလိမ်လုပ်ငန်းတွေ နဲ့ ငွေလိမ်လုပ်သားတွေအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း KNU ဗဟိုက ဒီကနေ့ ဒီဇင်ဘာ ၁၇မှာ ထုတ်ပြန်ပါတယ်။
“KNU အနေနှင့် နိုင်ဝင်ဘာ၂၁ ရက်မှစ၍ Shunda Park ငွေလိမ်ခြံဝင်းကို စတင်ရှင်းလင်းခဲ့ရာ သတင်း (၃)ပတ် ကျော်အကြာတွင် လူကုန်ကူးခံရသူများအပါဝင် နေရပ်နိုင်ငံပြန်လိုသော scam အလုပ်သမားများအားလုံး အပြီးသတ်ထွက်ခွါနိုင်ရေးစွမ်းဆောင်နိုင်ခဲ့ပြီး၊ ၎င်းခြံဝင်းအတွင်း နှစ်အတန်ကြာလည်ပတ်ခဲ့သောနိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အောင်မြင်စွာအဆုံးသပ်နိုင်ခဲ့သလို၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း စသည့် နည်းပ ညာဆိုင်ရာ သက်သေခံပစ္စည်းမြောက်များစွာကိုလည်း သိမ်းယူခဲ့ပြီး အချို့ကို သက်ဆိုင်ရာအွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးပြီးဖြစ်ပါသည်”လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ခြံဝင်းတွင်းကျန်ရစ်သော အဆောက်အဦး၊ ကား၊ မီးစက်စတဲ့ ရုပ်ဝတ္တုပစ္စည်းတွေအားလုံးရဲ့ စာရင်းကို အပြီးသတ် ကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် KNUအနေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ငွေလိမ်လုပ်သားတွေ ကင်းစင်သွားပြီးဖြစ်သော မင်းလက်ပံ ရှိ Shunda Park ခြံဝင်းကို ကော်သူးလေရဲ့ တရားရေးစနစ်နဲ့အညီ ချိတ်ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း ကြေညာပါတယ်။
ချိတ်ပိတ်သိမ်းလိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း ဖော်ပြခဲ့ရာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ခြံဝင်းတွင်းကျန်ရှိတဲ့ သက်သေခံရုပ်ဝတ္တုပစ္စည်းတွေကို ကော်သူးလေရဲ့ တရားရေးဥပဒေလုပ် ထုံးလုပ်နည်း အတိုင်း ဆက်လက်ကိုင်တွယ်သွားမယ်လို့ အသိပေးထားပါတယ်။
Shunda Parkနေရာမှာ ဘယ်ဒုစရိုက်လုပ်ငန်းအတွက်မဆို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထပ်မံ အသုံးပြုခြင်း လုံးဝမရှိစေဖို့သတ်မှတ်ပြီး အဲဒီနေရာမှာ ရာဇဝတ်လုပ်ငန်းအတွက် ပြန်လည် အသုံးပြုဖို့ ကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြင်းထန်သောပြစ်မှုအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ချိတ်ပိတ်သိမ်းပြီးနောက် အဲဒီနေရာကို အနာဂတ်မှာ အများပြည်သူအကျိုးစီးပွားအတွက်သာ အသုံး ပြုစေရမည်ဖြစ်ပြီး ဒီလိုဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာ ဒေသခံပြည်သူနဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကာ ပွင့်လင်းမြင်သာစွာတာဝန်ခံတာဝန်ယူမှုရှိစွာဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ပါတယ်။
လုံခြုံရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေရှိလာရင် အဲဒီနေရာကို ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနဲ့ မဟာဗျူဟာလေ့လာရေး စတဲ့ ဘာသာရပ်တွေကို အထူးပြုသင်ကြားပေးသော အဆင့်မြင့်ပညာရေး ပုရဝုဏ်တစ်ခု အဖြစ် ပြန်လည်အသုံးပြုဖို့ ရည်ရွယ်ချက် ထားရှိရမယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီလို လုပ်ဆောင်ရခြင်းဟာ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ရာဇဝတ်ဂိုဏ်းများကို တားဆီးနှိမ်နင်း တာ အရေးယူတာ၊ လူသား ဂုဏ်သိက္ခာကို ကာကွယ် စောင့်ထိန်းတာ၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော အုပ်ချုပ်ရေး မြှင့်တင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ နီးကပ်စွာ ပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ ကတိကဝတ်ကို ထင်ဟပ်စေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်မှာ မင်းလက်ပံဒေသရှိ Shunda Park ငွေလိမ်ခြံဝင်းနဲ့ မင်းလက်ပံပတ်ဝန်းကျင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးရွား နေတာကိုလည်း အသိပေးထားပါတယ်။
ဒီဇင်ဘာ ပထမပတ်က လုံခြုံရေး အခြေအနေ ဆိုးရွားတာကို အသိပေးထားသလို အခုဒီဇင်ဘာ ၁၇ရက်နေ့အထိလည်း လုံခြုံရေးအခြေအနေ တိုးတက်မှု မရှိဘဲ ဆက်လက်ဆိုးရွားလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က KNU တပ်ဖွဲ့တွေ လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင်များအထိုင်ချရာနေရာတွေကို စစ်ကြောင်း (၃) ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး Shunda Park တည်ရှိရာ နေရာနဲ့ ပြည်တွင်းနေရပ်စွန့်ခွာပြောင်းရွှေ့သူ (IDPs) စခန်းနေရာကိုလည်း နေ့စဉ် ရက်ဆက် လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
Shunda Park မှ နေရပ်နိုင်ငံပြန်ရေးအတွက် သောင်ရင်းမြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသားများရှိရာ အနီး ပတ်ဝန်းကျင်မှာလည်း စစ်တပ်ပစ်တဲ့ လက်နက်ကြီးတွေ ဆက်လက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်မှုကြောင့်ထိခိုက်မှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။ ဒါ့အပြင် ခြံဝင်းတွင်းကျန်ရစ်သူအချို့ဟာလည်း ဒီဇင်ဘာ ၆ရက်က စတင်ပြီး နေ့စဉ်နီးပါး အဆောက် အဦးအတွင်းနဲ့ အပြင်မှာခြုံစောင်နဲ့ မွေ့ယာတွေစုပုံမီးရှို့တာ၊ ခြံဝင်အတွင်းရှိ အမှိုက်တွေကို အဆောက် အဦးအနီး သယ်ဆောင်ပြီး မီးရှို့တာနဲ့ ပစ္စည်းသိုလှောင်ရုံ၊ ဈေးဆိုင်တန်းနဲ့ ကုန်စုံဆိုင်ရှိရာ အဆောက်အဦးတွေကိုလည်း မီးရှိုတာတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ KNUက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ဖော်ပြပါတယ်။
အဲဒီလို ခြံဝင်းအတွင်း မတည်ငြိမ်မှုတွေနဲ့ လုံခြုံရေးဆိုးရွားမှုတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)နဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ အခြေခံနဲ့ မလိုအပ်ဘဲ ခြံဝင်းအတွင်းကျန်ရှိသူ နိုင်ငံခြားသားတွေရဲ့ ထိခိုက်အနာတရဖြစ်မှုတွေ ရှောင်ရှားရေး ငွေလိမ်ခြံဝင်းလုံခြုံရေး တင်းကြပ်မှုကို လျှော့ချတာ၊ မိမိအစီအစဉ်နဲ့ ထွက်ခွာလိုသူတွေကို ခွင့်ပြုတာ တွေလုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။
“ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် သောင်ရင်းမြစ်သဲသောင်ပြင်တွင် စောင့်ဆိုင်းနေသော နိုင်ငံခြားသား scam လုပ်သားများ အားလုံး အပြီးသတ် ထွက်ခွါသွားခဲ့ကြသလို Shunda Park ငွေလိမ်ခြံဝင်းတွင်းမှ scam လုပ်သားများ တစ်ယောက်မျှ မကျန်တော့သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ထို့ကြောင့် KNU အနေနှင့် သဲသောင်ပြင်၌ စောင့်နေသူများအတွက် ထမင်းထုတ်များ စီစဉ်ပေးခြင်းများ ရပ်တန့်လိုက်ပြီး၊ နေရာထိုင်းခင်းအဖြစ်စီစဉ်ခဲ့သော ရွက်ဖျင်တဲများရုတ်သိမ်းခြင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။”လို့ ဖော်ပြပါတယ်။
သောင်ရင်းမြစ်သဲသောင်ပြင်မှာ နေရပ်နိုင်ငံ ပြန်ခွင့်ရဖို့ စောင့်နေသူတွေကို ဘေးကင်းစွာ လွဲပေးနိုင်မှု အခြေအနေကိုလည်း ဖော်ပြါတယ်။ နိုဝင်ဘာ (၃၀) ရက်နေ့ကတည်းက နေရပ်နိုင်ငံကို ပြန်ခွင့်ရရေးအတွက် စောင့်နေသော နိုင်ငံခြားသား (၁၇၇) ဦး အနက်မှ မလေးရှားနိုင်ငံသား (၃၁) ဦးနဲ့ ရုရှားနိုင်ငံသား (၁) ဦးတို့ကိုသက်ဆိုင်ရာ နိုင်ငံတွေက အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ဒီဇင်ဘာလ (၈) ရက်နေ့မှာ ထိုင်းနိုင်ငံဘက်သို့ ဘေးကင်းစွာ လွှဲအပ်နိုင်ခဲ့လို့ ဆိုပါတယ်။
ကျန်နေတဲ့ သူတွေကတော့ သဲသောင်ပြင်ပေါ်စောင့်ဆိုင်းရချိန် (၁၀) ရက်နီးပါးမျှကြာမြင့်လာသလို တိုက်ပွဲ ရှိန်ပိုပြင်းထန် အန္တရာယ် ကြီးလာတာကြောင့် နေ့စဉ်နဲ့အမျှ အရဲစွန့်ပြီး အလျှိုလျှို သောင်ရင်း မြစ်အား လက်ပစ်ကူး ထွက်ခွာခဲ့ကြောင်းလည်း အသိပေးပါတယ်။ KNU မှ လက်လှမ်းမီ ပြုစုနိုင်သောစာရင်းအရ ဒီဇင်ဘာလ (၁၀) ရက် နေ့ကနေ (၁၄) ရက်နေ့အတွင်း သောင်ရင်းမြစ်တစ်ဖက်ကမ်းသို့ ရေးကူးခတ်သွားသူအရေအတွက်မှာ (၁၆၀) ဦးမှ (၂၅ဝ) ဦးကြားရှိတယ်လို့ ဖော်ပြပါတယ်။ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး အိန္ဒိယ၊ နီပေါ၊ ထိုင်ဝမ် (တရုတ်)၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အီသီယိုးပီးယား နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီလို တဖက်ကမ်း ကူးထွက်သွားသူတွေထဲမှာ ငွေလိမ်ခြံဝင်းတွင်း မိမိသဘောနဲ့ ဆက်နေခဲ့ကြသော scam လုပ်သား နိုင်ငံခြားသားတွေအနက်က တချို့တဝက်ဟာ စိတ်ပြောင်းပြီး ထိုင်းနိုင်ငံမှတဆင့် သူတို့ နေရပ် နိုင်ငံပြန်ဖို့ KNU မြေပြင်အဖွဲ့ထံ လာစာရင်းသွင်းသူတွေလည်း ပါကြောင်း အသိပေးပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီငွေလိမ်ခြံဝင်းမှာ စာရင်းကောက်ယူရရှိသူ ၃၅၀၀ ကျော်ရှိပြီး ၁၃၀၀ ကျော်ဟာ မြန်မာနိုင်ငံသားတွေဖြစ်ကာ ကျန်တဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်မှာ တရုတ်နိုင်ငံသား အများစုဖြစ်ပါတယ်။




















































