Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် စစ်ရာဇဝတ်မှုကျူးလွန်နေမှု နိုင်ငံတကာက ထိရောက်စွာအရေးယူဖို့ ပြည်တွင်း၊ပြည်ပအဖွဲ့ ၂၀၀ကျော် တောင်းဆို

ရခိုင်ပြည်နယ်မြောက်ဦးဆေးရုံကြီးကိုအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဗုံးကြဲတိုက်ခိုက်ပြီးစစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာအစိုးရတွေက ထိရောက်တဲ့အရေးယူမှု ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်း ၂၀၀ကျော်ရဲ့ ပူးတွဲကြေညာချက်ကို JusticeForMyanmarက ဒီကနေ့ ဒီဇင်ဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦးဆေးရုံဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို ​တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ရခိုင်ပြည်နယ်မြောက်ဦးဆေးရုံကြီးကိုအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဗုံးကြဲတိုက်ခိုက်ပြီးစစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာအစိုးရတွေက ထိရောက်တဲ့အရေးယူမှု ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်း ၂၀၀ကျော်ရဲ့ ပူးတွဲကြေညာချက်ကို JusticeForMyanmar က ဒီကနေ့ ဒီဇင်ဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရားမဝင် မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုများရပ်တန့်ပြီး သူတို့ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတွေအပေါ် အပြစ်ပေးအရေးယူမှု၊ သေချာစေသော တာဝန်ယူမှု တာဝန်ခံမှုများရှိလာစေဖို့ အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)နဲ့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ရှုတ်ချကန့်ကွက်ကြောင်း စာထုတ်ပြန်တာမျိုးသာ မပြုလုပ်ဘဲ ထိရောက်တဲ့ အပြစ်ပေး ဒဏ်ခတ် အရေးယူမှု ပြုလုပ်ရမှာ ဖြစ်ကြောင်း တိုက်တွန်းထားတာပါ။

” မိမိတို့အားလုံးသည် စစ်ရာဇဝတ်မှုကျူးလွန်သူ ရာဇဝတ်ကောင်တရားခံမင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်အုပ်စုအား တညီတညွတ်တည်းတော်လှန်နေကြသူများဖြစ်ပြီး မည်သူထိခိုက်နစ်နာသည် ဖြစ်စေအတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုပါသည်”လို့လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေဟာ တရားမျှတမှုကို လိုလားပြီး အာဏာရှင်စနစ် ပျက်သုဉ်းဖို့ တော်လှန် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေနဲ့ ပြည်တွင်း၊ အဆီယံ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်တယ်လို့ ဆိုပါတယ်။ ပူးတွဲကြေညာချက်မှာ အဖွဲ့အစည်း ၁၈၅ ဖွဲ့ရဲ့ အမည်ကို ဖော်ပြထားပြီး ကျန်အဖွဲ့အချို့ကတော့ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့်အမည်ဖော်ပြနိုင်ခြင်းမရှိပေမယ့် ပူးတွဲကြေညာချက်ကို ထောက်ခံလက်မှတ်ရေးထိုးထားတယ်လို့ အသိပေးပါတယ်။

စစ်တပ်ဟာ ဒီဇင်ဘာ ၁၀ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ညမှာ မြောက်ဦးပြည်သူ့ဆေးရုံအား ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့လို့ ဆေးရုံတခုလုံးနီးပါး ပျက်စီးကာ ကျန်းမာရေးဝန်ထမ်းတွေ၊ လသားအရွယ် ကလေးငယ်နဲ့ လူနာတွေ၊ လူနာစောင့်တွေ စုစုပေါင်း ၃၃ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါပေမဲ့ စစ်အုပ်ဟုဟာ ဒီဇင်ဘာ ၁၁ရက်ညမှာလည်း အနည်းဆုံး အရပ်သား (၈) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရစေခဲ့တဲ့ ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကို ဆက်လက်ကျူးလွန်ခဲ့ကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို ထိရောက်စွာ အရေးယူဖို့ ပူးတွဲကြေညာချက်မှာ အချက် လေးချက်ကို ဖော်ပြထားပါတယ်။

အဲဒါတွေကတော့ နိုင်ငံတကာက လေယာဉ်ဆီတွေ မြန်မာပြည်တွင်းသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တင်ပို့၊ ရောင်းချ၊ လွဲပြောင်း (သို့) ဖြန့်ဖြူးနေမှုတွေကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ဖို့၊ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တွင်ပါဝင်နေတဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကုမ္ပဏီတွေ၊ ကော်ပိုရိတ်တွေ အားလုံးကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာအစိုးရတွေ၊ အထူးသဖြင့် ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံသို့လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးတွင်ပါဝင်နေတဲ့ ဆီတင်သင်္ဘောတွေနဲ့ အခြေခံအဆောက်အအုံများ (ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနှင့် ပိုက်လိုင်းများ)အတွက် ရေကြောင်းအာမခံဝန်ဆောင်မှုပေးနေခြင်းတွေကို ပိတ်ဆို့ တားဆီးရမယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်တာဟာ အာဏာရှင် မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စတဲ့ နိုင်ငံတွေက လေယာဉ်နဲ့ ဗုံးကြဲ တပ်ဆင်တဲ့ လက်နက် ကိရိယာတွေ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်လို့ ဒီလို ဝယ်ယူနိုင်ဖို့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက လစဉ် ဓါတ်ငွေ့ ဝင်ငွေများ တရားမဝင် စစ်အုပ်စုကို ဒေါ်လာ သန်းနဲ့ချီ ငွေပေးချေနေမှုတွေကို ချက်ချင်း ရပ်တန့်ရမှာ ဖြစ်ကြောင်း ပါရှိပါတယ်။ ပြည်သူ့ ဘဏ္ဍာ ရေနံ ဓါတ်ငွေ့ အခွန်ငွေတွေကို တရားမဝင် စစ်အုပ်စု ထုတ်ယူသုံးစွဲခွင့်မရှိတဲ့ အက်စ်ခရိုး အကောင့်မှာ သိမ်းဆည်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲကို ပြည်တွင်းမှာ သေနတ်ထောက် ခြိမ်းခြောက် ဖမ်းဆီးမှုတွေ ကျူးလွန်ပြီး အတင်းအဓမ္မ ပြုလုပ်ဖို့ ကြိုးစားနေကြောင်း ဖော်ပြထားပါတယ်။

ရက်စက်ကြမ်းကြုတ်သော နိုင်ငံတကာ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေဖို့နဲ့ အရပ်သားပစ်မှတ်တွေ အပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာအစိုးရအားလုံးက တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရမှာ ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။