ဒီဇင်ဘာ-၂၂၊ ၂၀၂၅။ အလင်္ကာ/People’s Spring
စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပေါ်ဆန်းမွှေး (ရာသီအခါဘေးကြား)စပါးရိတ်သိမ်းပြီးချိန်မှာ အဝယ်ရှိပေမယ့် အထွက်နည်းသလို စျေးမကောင်းတာကြောင့် အရှုံးပေါ်နေတယ်လို့ ဒေသတောင်သူတွေကပြောပါတယ်။
လက်တလော ရွှေဘိုမြို့နယ်မှာပေါ်ဆန်းမွှေးတွေ ရိတ်သိမ်းရောင်းချနေချိန်ဖြစ်ပြီး ဘေးကြားစပါးစျေးမှာ တင်း၁၀၀ အမြင့်ဆုံး ကျပ် ၃၆ သိန်းနဲ့ အနိမ့်ဆုံး ကျပ် ၃၄သိန်းဝန်းကျင်သာ ဈေးပေါက်ပါတယ် ။ ဈေးကွက်မှာအဝယ်ရှိပေမယ့် စပါးအထွက်နည်းသလို ဈေးမကောင်းတဲ့အတွက် တောင်သူတွေအရှုံးပေါ်တယ်လို့သိရပါတယ်။
လယ် တစ်ဧက ကုန်ကျစရိတ်ဟာ အနည်းဆုံးကျပ် ၁၅ အထက်ရှိပြီးလယ်တစ်ဧကကိုစပါးတင်း၃၅ တင်းထွက်တဲ့ တောင်သူတွေက အရှုံးပြပေါ်ပါတယ်။ စပါးတင်း ၅၀ ထွက်တဲ့ တောင်သူတွေ ဆိုရင်လက်ရှိ စပါးပေါက်ဈေးနဲ့တွက်ကြည့်ပါက အမြတ်အနည်းငယ်ပဲ ကျန်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။

Public Service Announcement
“ဒါတောင် ၂သိန်း၊ ၃သိန်းပဲကျန်တာ။ အဲ့ဒါကို မြတ်တယ်လို့မခေါ်သာဘူး”လို့ တောင်သူတစ်ဦးက ပြောပါတယ်။
ရွှေဘိုနယ်မှာ တစ်ဧကကို စပါးတင် ၇၀၊ ၈၀ ထွက်တဲ့တောင်သူက အလွန်နည်းတယ်။ ၃၅တင်းကနေ တင်း ၅၀ အထိပဲ ထွက်တဲ့သူကများတယ်လို့သိရပါတယ်။
“တစ်ဧက ၅၀အောက်ထွက်တဲ့ တောင်သူတွေဆို ခွက်ခွက်လှန်အောင် ရှုံးတယ်”လို့ စပါးစိုက်တောင်သူတဦးကလည်းပြောပါတယ်။
ယခုနှစ်မိုးရာသီမှာစိုက်ပျိုးခဲ့တဲ့ရွှေဘိုပေါ်ဆန်းမွှေး (ဘေးကြား)စပါးဟာ အခုဒီဇင်ဘာလမှာ ရိတ်သိမ်းချိန်နေကြတာပါ။ အခုမိုးရာသီမှာ ရာသီဥတုဖောက်ပြန်တာ ၊ ဖြုတ်ပိုး၊အဆစ်ပိုးကျတာ ၊ ပိုးသတ်ဆေး၊ဓာတ်မြေသြဇာစတဲ့သွင်းအားစုတွေစျေးမြင့်တက်တာတွေကြောင့် စပါးအထွက်နည်းခဲ့သလို ကုန်ကျစာရိတ်များခဲ့တယ်လို့တောင်သူတွေကပြောပါတယ် ။
ဒါကြောင့် အခုမိုးစပါးထွက်ချိန်မှာ လယ်တစ်ဧကမှာ စပါးတင်း ၇၀ ကနေ ၈၀ တင်းကြားထွက်တဲ့ တောင်သူဟာအလွန်နည်းပါးပြီး စပါးတင်း ၃၅တင်းကနေ ၅၀တင်းထွက်တာပဲများတယ်လို့တောင်သူတတွေက ပြောပါတယ်။
ဒါအပြင် ရွှေဘိုမြို့နယ်မှာ ခုခံတော်လှန်စစ်အားကောင်းသလို တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတာ ၊စစ်တပ် စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေဟာ လယ်ကိုကောင်းစွားမလုပ်နိုင်ကြပါဘူး။ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဓါတ်မြေသြဇာ ၊ပိုးသတ်ဆေးစတဲ့လယ်ယာသွင်အားစုစျေးတွေတက်တာတွေကြောင့် စိုက်ပျိုးစာရိတ်ကြီးတာ ၊သွင်းအားစုတွေမဝယ်နိုင်တာ ၊ ရာသီဥတုဖောက်ပြန်တာစတာတွေကြောင့် စပါးအထွက်နည်းတာတွေတောင်သူတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဆန်စပါးအသင်းချုပ်က ဆန်စပါးရည်ညွှန်းစျေးသတ်မှတ်ချက်ကြောင့် စပါးစျေးကျတာလို့ တောင်သူတွေက ဆိုပါတယ်။ ဆန်စပါးရည်ညွှန်းဈေးသတ်မှတ်ပေမယ့် လယ်ယာသုံးသွင်းအားစုတွေကိုကြ စစ်ကောင်စီကရော ၊ဆန်စပါးအသင်းတွေကပါ ဈေးမသတ်မှတ်တာကြောင့် တောင်သူလယ်သမားတွေဟာ သွင်းအားစုဈေးကြီးတဲ့ ဒဏ်ကို ခံနေကြရတာဖြစ်ပါတယ် ။
“သူတို့က(စစ်တပ်)ဆန်စပါးရည်ညွှန်စျေးတော့ သတ်မှတ်တယ်။ သွင်းအားစု ဓာတ်မြေသြဇာမြေဆီ၊ပိုသတ်ဆေးစျေးကတော့ မသတ်မှတ်ဘူး။ စပါးကတော့ဘယ်စျေးဝယ်ရမယ်၊ မြေဆီစျေးကတော့ဘယ်စျေးရောင်းရမယ်လို့ မသတ်မှတ်ဘူး။ သွင်းအားစုစျေးက အကျမရှိဘူး၊ အတက်ပဲ ရှိတာ။ဆန်းစပါးရည်ညွှန်းစျေးသတ်မှတ်ရင် သွင်းအားစုစျေးလည်း သတ်မှတ်ပေးသင့်တယ်”လို့ တောင်သူတဦးက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ ခန့်မှန်းစပါးစိုက်ဧက တစ်သောင်းခွဲကျော်ရှိတယ်လို့ စုံစမ်းသိရပါတယ်။


















































