ဒီဇင်ဘာ – ၃၀ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
လက်ရှိဒီဇင်ဘာလတတိယပတ်ကစတင်ပြီးတိုက်ပွဲဖြစ်နေတဲ့ မကွေးတိုင်း ၊ဆင်ဖြူကျွန်းမြို့နယ်မှာ အရေးပေါ် တိမ်းရှောင်ရတဲ့ စစ်ရှောင် ပြည်သူ လေးသောင်း အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေထံကသိရပါတယ်။
ဆင်ဖြူကျွန်းမြို့ပေါ် အပါအဝင်အနီးဝန်ကျင်ကဇီးကုန်း၊ရွာသာကုန်း၊ မကျည်းကုန်း ၊သီးကုန်းစတဲ့ရွာတွေကဒေသခံ ပြည်သူတွေ လေးသောင်းကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာပါ။
“စားစရာကတော့ ဘယ်လိုမှအဆင်မပြေကြဘူးပြောတယ်၊ ထမင်းဟင်းချက်ဖို့မီးလဲ မမွှေးရဲကြဘူး၊ ပါလာတဲ့ အသင့်စားလို့ရတာလေးတွေပဲ မျှစားနေကြရတယ်ပြောပါတယ်၊ အသင့်စားအစားအစာတွေ အရေးတစ်ကြီးလိုနေတယ် ”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement
အများစုကစလင်းမြို့ဘက်ဆီ တိမ်းရှောင်နေကြသလို စလင်းဘက်ဆီမရောက်ဘဲ လမ်းခုလတ်မှာ တိမ်းရှောင်နေရသူတွေ တွက် ရာသီဉတု အေးတာကြောင့် အစားအစာအပြင် စောင် ၊အနွေးထည်တို့ပါ လိုအပ်နေတာပါ။
ဆင်ဖြူကျွန်းမှာစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဒီဇင်ဘာ လ ၂၃ ရက်ကစတင်ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။
စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ စလင်းဘက်ကို ရွေ့ပြောင်းဖို့ ၊ အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေ အနီးရွှေ့ ပြောင်းကြဖို့နဲ့ ဦးတည်ရာမဲ့ ထွက်ပြေးတာတွေ မလုပ်ဖို့ တော်လှန်ရေးဘက်က အသိပေးထားပါတယ်။
















































