မတ်-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။
မတ်လ ၁၆ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်းပြောကြားခဲ့ရာ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ဖြစ်မြောက်ရေးကိစ္စကို ထည့်သွင်း ပြောကြားခဲ့တာပါ။
“လက်ရှိ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံလိုမျိုး ဖြစ်မြောက် အကောင်အထည် ပေါ်လာရေးကို အားသွန် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။ ဒီစုဖွဲ့မှုဖြစ်မြောက်လာဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကျွန်တော်တို့ အချိန်အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ အဲသည့်ထဲမှာ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွေလည်း အရေးတကြီး ပါဝင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး အင်အားစု တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေကြပါ တယ်။ ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်း ထမ်းရွက်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement
NUG အနေနဲ့ အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ပြီး ကျယ်ပြန့်စွာ ထပ်တိုးလုပ်ဆောင်ဖိုပ လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေ ရှိဟု အသိပေးပါတယ်။
“ဒါ့ကြောင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်ရေးမှာ၊ နောက်ထပ် ခြေလှမ်းသစ်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ လိုမျိုး ဖြစ်မြောက်လာဖို့၊ အားလုံးဝိုင်းဝန်းပြီး လက်တွဲတည်ဆောက်သွားနိုင်ရန် ပံ့ပိုးကူညီစေလို ကြောင်း လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ ဒီလိုအချိန်မျိုးမှာ,မှ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ဘူးဆိုရင်၊ နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိချပ်ကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် ယာယီသမ္မတက လွှတ်တော်အမတ်တွေကို အထူးမေတ္တာရပ်ခံမှု တခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ တော်လှန်ရေး ကာလနဲ့ သင့်တော်အပ်စက်တဲ့ လွှတ်တော်မျိုး ပိုမို ဖော်ဆောင်လာဖို့ နှိုးဆော်ခဲ့တာပါ။
“အခုဆိုရင် ကျွန်တော်တို့ရဲ့ လွှတ်တော်အမတ်မင်းများအနေနဲ့ အခြေအနေအရ နေရာဒေသအသီးသီး မှာ ရှိနေကြရတာကို ကျွန်တော် သဘောပေါက်ပါတယ်။ တချို့ဆိုရင်လည်း ပြည်ပမှာဖြစ်သလို၊ တချို့က နယ်စပ်ဒေသမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ခြေစုံရပ်ထားတဲ့ အမတ်တွေလည်း ရှိတာကြောင့်၊ ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးကာလနဲ့ သင့်တော်အပ်စပ်တဲ့ လွှတ်တော်မျိုးကို ပိုမို ဖော်ဆောင် လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အခြေအနေနဲ့ အချိန်အခါကို သတိထားပြီး၊ လက်တွေ့ကျတဲ့ လွှတ်တော်အခင်းအကျင်းမျိုး ဖော်ဆောင်ဖို့လည်း လေးနက်စွာ တိုက်တွန်းလို ပါတယ်။ တော်လှန်ရေး ကာလ ဆိုတာဟာ လှိုင်းထန်လေထန်ကာလဖြစ်တာကြောင့်၊ ရှေ့ဆက် ကာလများတွင် တော်လှန်ရေး ပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော် ဖြစ်အောင် ပုံဖော်ကြဖို့ တိုက်တွန်း လိုပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။
တော်လှန်ရေး ၅နှစ် ပြည်ပြိဖြစ်လို့ ဒီကာလမျာ အစိုးရနဲ့ လွှတ်တော်ရဲ့ ကဏ္ဍဟာ များစွာ အရေးပါတယ်လို့ အသိပေးပါတယ်။
လွှတ်တော်အနေနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်ဖို့ ထည့်သွင်းလုပ်ဆောင်သင့်တဲ့အချက် တချို့ကိုလည်း ယာယီသမ္မတက ပြောပြခဲ့ပါတယ်။
“အထူးသဖြင့် နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး၊ တော်လှန်ရေးအစိုးရရဲ့ ဖြစ်တည်မှုနဲ့ မြှင့်တင်ပေးကြဖို့ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတက ပြောပါတယ်။
စစ်ကောင်စီဟာလည်း အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင် ကိုယ်စားပြုမှုတွေနဲ့ ပြည်သူကို မျက်လှည့်ပြဖိုပ ကြိုးစားနေကြောင်း ယာယီသမ္မတက ပြောပါတယ်။
“စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်,လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ရဲ့ အတုအယောင် လွှတ်တော်ရဲ့ ဦးတည်ချက်တွေကို ကြိုတင်မျှော်မြင် ပြီး၊ လက်ဦးမှု ရယူနိုင်ဖို့ ဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
အာဏာမဏ္ဍိုင် (၃) ရပ်အကြား အပြန်အလှန် ထိန်းကျောင်းရင်း၊ တော်လှန်ရေးခရီး,တွင်ကျယ်အောင် ဝိုင်းဝန်းကြိုးပမ်း ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။ လွှတ်တော်ဟာ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ပီပြင်အောင် လုပ်ရမှာ ဖြစ်သလို၊ အစိုးရ တစ်ရပ်ဟာလည်း အစိုးရခြင်းအာဏာကို ပီပီပြင်ပြင် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊တရားရေးမဏ္ဍိုင်သည်လည်း တရားသော ဥပဒေတွေ အသက်ဝင်ရေးအတွက် အထူး လုံ့လစိုက်ထုတ်ရမှာဖြစ်ကြောင်း ပြောကြားပါတယ်။


















































