Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာ

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

၂၀၂၄ ဇူလိုင်မှာ မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

မတ်-၂၅၊၂၀၂၆။ရှိန်း/ People Spring’s

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေအားလုံး စစ်ရေးအခြေအနေအရ ဆုတ်ခွာခဲ့တယ်လို့ သတင်းရရှိပါတယ်။

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကနေ မိုးကုတ်- မိုးမိတ်လမ်းကို စစ်တပ်က လမ်းပွင့်သွားပြီး မိုးမိတ်မြို့ဘက်ကစစ်ကြောင်းတွေပါ ထပ်တိုးလာတာ၊ တ​ကောင်းမြို့ကိုစစ်တပ်ကထိန်းချုပ်သွားနိုင်တာ​ စတာ​တွေကြောင့် မိုးကုတ်မြို့နယ်မှာတိုက်ပွဲဝင်​နေတဲ့ ​တော်လှန်​ရေးတပ်​တွေဟာမတ်လ၂၂ရက်ကစပြီး ပြန်ဆုတ်လိုက်ရတာလို့ တော်လှန်ရေးရဲဘော်အချို့က ပြောပါတယ်။

ထောက်ပို့လမ်းကြောင်းတွေ အဆင်မပြေတာရယ်၊ခဲယမ်းမလုံလောက်မှုတွေကြောင့် ပြန်ဆုတ်လိုက်ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မိုးမိတ်-မိုးကုတ်လမ်းကပိတ်မိသလိုဖြစ်သွားတာ။ စကစက စီးမိသွားတာ။ တွင်းငယ်-မိုးမိတ်ကလည်း လမ်းပွင့်သွားပြီ စကစစီးမိသွားပြီ။ နောက်ဆုတ်ပေးလိုက်ရ”လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

စစ်ရေးအရ အရေးပါတဲ့ တကောင်းမြို့ပြန်ပါသွားတဲ့အတွက်​ တော်လှန်​ရေးတပ်​တွေပိတ်မိသွားတာမျိုးဖြစ်တာဖြစ်နိုင်တာ​ကြောင့်ဆုတ်ခွာပေးလိုက်ရတာလို့ သိရပါတယ်။

“အဓိကထောက်ပို့လမ်းကြောင်းပျက်သွားတာ”လို့ အထက်ပါ ရဲဘော်က ပြောပါတယ်။

ဒေသခံတစ်ဦးက ” PDFလေးတွေ သူတို့ ဆုတ်ခွာသွားပြီလို့ လိုင်းပေါ်မှာတင်ထားတယ်။တိုက်ပွဲတွေကအဖြေမပေါ်ဘဲ ဖြစ်နေတာဆိုတော့မကောင်းဘူးလေ။ဘေးကင်းဖို့ လိုတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က သပိတ်ကျင်းမြို့နယ်ဘက်က နေထိုးလာတဲ့ စစ်ကြောင်းဟာ တွင်းငယ်ရွာကနေတဆင့် ကျောက်မော်ကျေးရွာအနီးရောက်နေသလို မိုးမိတ်မြို့ဘက်ကနေလည်း စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။ မိုးမိတ်နဲ့ မိုးကုတ်မြို့မှာ မိုင်၂ဝကျော် ကွာဝေးပါတယ်။

တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ TNLA နဲ့ စစ်တပ်တို့တွေ့ဆုံ​ဆွေး​နွေးပြီး မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ၂၀၂၅ အောက်တိုဘာမှာပြန်လွှဲပေးခဲ့တာပါ ။TNLA က မိုးကုတ် ၊မိုးမိတ် မြို့ကိုစစ်တပ်ထံလွှဲ​ပြောင်း​ပေး​ပေမယ့် PDF ၊ပကဖ နဲ့မဟာမိတ်တပ်​တွေက မိုးကုတ်မြို့အပြင်မှာ စစ်တပ်ကို ခုခံတိုက်ခိုက်​​နေတာပါ။

ဒါ​ကြောင့် ​လေးလ​ကျော်ကြာမိုးကုတ်မြို့အနီးမှာတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကိုနိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

NUG ကာကွယ်​ရေးဝန်ကြီးဌာန က မိုးကုတ်-မိုးမိတ် စစ်ဆင်ရေးအခြေအနေကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ရာမှာ ၂၀၂၆ ဇန်နဝါရီအတွင်း တိုက်ပွဲကြီး (၇) ကြိမ်၊ဖေဖော်ဝါရီအတွင်း တိုက်ပွဲကြီးငယ်(၁၀) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ဖော်ပြထားပါတယ်။

ဖမ်းမိထားတဲ့ စစ်သုံ့ပန်း တွေကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေနဲ့အတူ စနစ်တကျထိန်းသိမ်းထားတယ်လို့အသိပေးထားပါတယ်။နောက်ဆက်တွဲသတင်းတွေ မထုတ်ပြန်သေးသလို မိုးကုတ်မြို့ကနေ တော်လှန်ရေးတပ်အားလုံး ဆုတ်ခွာထားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့လည်း မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မိုးကုတ်ဗျူဟာ)နဲ့ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော်(PLA)တို့ကတော့ မိုးကုတ်၊ မိုးမိတ် စစ်ဆင်ရေးမှာ မဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းမတ်လ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းက စတင်ပြီး မိုးကုတ်၊ မိုးမိတ်မြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်ကနေ Myingyan Black Tiger ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် တပ်ဖွဲ့၊ မိုးကုတ်၊ မိုးမိတ် စစ်ဦးစီးအဖွဲ့တို့နဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာကထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးမှာ ရဲဘော်တချို့ကျဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်၊ရဲဘက်အားလုံးရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အကောင်အထည် ဖော်နိုင်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

PLAကလည်း ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် အမှတ်(၅၁၃) PDF တပ်ရင်း၊ Red Wolves of Mogok တပ်ရင်း၊ မိုးကုတ်ဗျူဟာ၊ Ruby Land PDF (Tri) ဗျူဟာ ရင်း ၄၊ မိုးကုတ်မြို့နယ် ပကဖ၊စစ်ကိုင်း PDF တို့နဲ့ပူးပေါင်းပြီး ​လနဲ့ချီပြီးတိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

​နွေဦး​တော်လှန်​ရေးပန်းတိုင်သို့ ဂုဏ်သိက္ခာရှိစွာ​လျှောက်လှမ်း​နေတဲ့ နိုင်ငံတစ်ဝန်းရှိတပ်ရင်း၊တပ်ဖွဲ့​တွေက မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ​တော်လှန်​ရေးရဲ​ဘော် ၊ရဲဘက် အားလုံးရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုက​ရေစီ စနစ်အ​​ကောင်အထည်​ဖော်နိုင်တယ်အထိ မိုးကုတ်ဗျူဟာက ဆက်လက်တိုက်ပွဲဝင်သွားမယ်လို ကတိသစ္စာပြုထားပါတယ် ။အဲဒီလိုတိုက်ပွဲဝင်တဲ့အခါ မိုးကုတ်ဗျူဟာအ​နေနဲ့ ညီ​နောင်အဖွဲ့အစည်း​တွေနဲ့ အတူလက်တွဲညီညီ​ဆောင်ရွက်သွားမယ်လို့​ဖော်ပြထားပါတယ် ။ ကျဆုံးခဲ့တဲ့ အာဇာနည်ရဲ​ဘော်အ​ပေါင်းတို့အား ဦးညွတ်ဂုဏ်ပြုအ​လေးပြု​ကြောင်းဆက်လက်​ဖော်ပြထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။