ဧပြီ ၂၊ ၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာရေး ဆက်ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို မတ်လ ၃၀ရက်မှာဖွဲ့စည်းကြောင်းကြေညာတဲ့အပေါ် တော်လှန်ရေးအဖွဲ့အစည်းတွေက ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
ဦးဆောင်ကောင်စီအနေနဲ့ ကျန်ရှိနေသေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းသွားဖို့ တိုက်တွန်းကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။

Public Service Announcement
” ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက် ရေးတို့အတွက် အလေးထားစဉ်းစားကာ ဤသမိုင်းဝင် ခရီးစဉ်တွင် အတူတကွ ပူးပေါင်းပါဝင်လာကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်” လို့လည်း ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ KNPP ဥက္ကဋ္ဌ ခူဦးရယ်က ကောင်စီကို ပြည်နယ်ယူနစ် EROများ၊ ပြည်သူကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြုမှုစတဲ့ မဏ္ဍိုင်ကြီး သုံးခုကို အခြေခံထားပေမယ့် အခြေအနေနဲ့ စိန်ခေါ်မှု အမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးခဲ့ကြတဲ့ အဖွဲ ၅ဖွဲ(NUG၊ KNU၊ KIO၊ KNPP၊ CNF) နဲ့ CRPH အားလုံး ခြောက်ဖွဲနဲ့ အစပြု တာထွက်ဖို ဖြစ်လာခဲ့ကြောင်း အသိပေးပါတယ်။
” မဏ္ဍိုင်သုံးခု စုံစုံလင်လင် မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တခုဆီမှာ ပါသင့်ပါထိုက် သူအားလုံး ပါမနေသေးတာကလည်း အချိန်နဲ့ စိန်ခေါ်မှုနဲ့ ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တိုရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံး ပြင်ဆင် ဖြည့်စွက်နိုင်ဖို ကြိုးစားသွားမှာ ဖြစ်ပါတယ်”လို့ ခူဦးရယ်က ပြောပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ လက်ရှိတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အသွင်ကူးပြောင်း ရေးကာလ အစီအမံများကို အတည်ပြုနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ရည်ရွယ်တာဟာ စစ်ကိုင်းဖက်ဒရယ် ယူနစ်ရဲ့ ရည်မှန်းချက်တွေနဲ့ ထပ်တူကျတယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။ အထူးသဖြင့် ဦးဆောင်ကောင်စီမှ ချမှတ်ထားသော နိုင်ငံရေး ဦးတည်ချက် တွေဟာ မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ဖို့ အတွက်လက်တွေ့လိုအပ်တဲ့ အချက်များဖြစ်လို့ အပြည့်အဝထောက်ခံကြိုဆိုကြောင်း ဖော်ပြထားပါတယ်။
ဦးဆောင်ကောင်စီအနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျင့်သုံးမည့် “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူနဲ့ “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” မူဝါဒများ၊ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်များအကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အလွန် အရေးကြီးသော အုတ်မြစ်များ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့လည်း ဦးဆောင်ကောင်စီနဲ့ အတူ လက်တွဲပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက်လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ကြေညာပါတယ်။


















































