စက်တင်ဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)မှာ အမျိုးသမီးကိုယ်စားပြုမှု ပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသမီးမဏ္ဍိုင် ဖော်ဆောင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားတဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီတို့ဟာ စက်တင်ဘာ ၁၉ရက်မှာ အစည်းအဝေး ကျင်းပခဲ့ရာ သဘောတူညီချက် ၂ချက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
အစည်းအဝေးမှာ SCEFရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဏိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှု ကိုယ်စားပြုအသီးသီး ရွေးချယ်စေလွတ်သောကိုယ်စားလှယ်များပါဝင်သွားမယ်လို့ သဘောတူညီခဲ့သလို ညှိနှိုင်းဆွေးနွေးရမယ့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သဘောတူညီခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒီကနေ့ အစည်းအဝေးကို SCEF အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ဖြင့်ဖွဲ့စည်း ထားသော SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီမှ ကိုယ်စားလှယ်များ၊ SCEF မူဝါဒအကြံပေးအဖွဲ့အဖွဲ့ဝင်များနဲ့ အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူးဒေါက်တာဇော်ဝေစိုး၊ SCEF အတွင်းရေးမှူးအဖွဲ့မှ ဒေါ်ဇူးပဒုမ္မာနဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီမှ ဒေါ်အေးဆောင်၊ နော်ဆဲဆဲတို့ အပါအဝင် နှစ်ဖက်တာဝန်ရှိသူတွေက အပြန်အလှန်ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတာပါ။ SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါတယ်။



















































