ဧပြီ-၁၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းဒေသကာကွယ်ရေးတပ်တွေ စုဖွဲ့ထားတဲ့ ချင်းညီနောင်(CB)တို့ ပါဝင်တဲ့ ချင်းတပ်တခုတည်းဖြစ်ရေး၊ ပြည်နယ်ဖက်ဒရယ်ယူနစ်တပ်ဖြစ်ရေး အားပေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက ဒီကနေ့ ဧပြီ ၁၃ရက်မှာ ကျင်းပတဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမှာ ပြောကြားပါတယ်။
လက်ရှိမှာ ချင်းတော်လှန်ရေးအင်အားစု ၂စုကွဲပြားနေတဲ့အခြေအနေအပေါ် အခုလို ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စုဖွဲ့ထားတဲ့ ချင်းညီနောင်/ICNCC စုဖွဲ့မှုနဲ့ ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ(CC) စုဖွဲ့မှု နှစ်ခုရှိနေတာပါ။
KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက နွေဦးတော်လှန်ရေးမှာ ကျနော်တို့ မြင်လိုတဲ့ တပ်ပုံစံ သုံးမျိုးကို အခုလို ပြောပြပါတယ်။

Public Service Announcement
” ဒါက NUG ဦးဆောင်တဲ့ ပြည်ထောင်စုတပ်လို့ခေါ်မလား ပေါ့နော် တနိုင်ငံလုံးမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေအနေနဲ့ အင်နဲ့အားနဲ့ စည်းနဲ့ ကမ်းနဲ့ အောင်မြင်မှုရတဲ့ တပ်တွေအနေနဲ့ဆက်သွားဖို့ မျှော်လင့်သလို ယူနစ်အသီးသီးမှာလည်း ယူနစ်အစိုးရတွေ ယူနစ်တပ်တွေက ဆက်ပြီးမှ ရှိနေဖို့လိုတယ်။ အခုလိုမျိုး ICNCC နဲ့ အတူတူ အခုဆိုရင် CB(ချင်းညီနောင်)တပ်တို့ ဆက်ပြီးမှ ရပ်တည်နေတယ် ဆက်ပြီးမှ ရှိနေတယ် ပြီးရင်တော့ CNFနဲ့လည်း ပိုပြီးမှ ညီညွတ်ပြီး တပ်တခုတည်း ပြန်ဖြစ်ရေး ပြည်နယ်ယူနစ်အစိုးရ တခုတည်းဖြစ်ရေးကိုလည်း ဆက်သွားနေကြတဲ့အပေါ်မှာ အားပေးတယ် ရှိသင့်တယ်။ ဒီလိုပဲ ပြည်နယ်ယူနစ်အသီးသီးကလည်း ဒီလို တပ်တွေ တည်ဆောက်နိုင်ရင်တော့ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ကျနော်တို့ လိုချင်တဲ့ တပ်တွေက ရောက်သွားပြီးသားပဲ။ စစ်အာဏာရှင်က ဘယ်လောက်ပဲ ရက်စက်ယုတ်မာနေပါစေ ကျနော်တို့ ဘက်က ကြံ့ကြံ့ခံရင်းနဲ့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး စစ်ရေးရည်မှန်းချက်ကို သွားနိုင်မှာ ဖြစ်တယ်” လို့ ခွန်းဘီထူးက ပြောပါတယ်။
ဒါ့အပြင် ချင်းညီနောင်၊ KNDFစတဲ့ ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့တွေ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအတွက် အင်အားတရပ်ဖြစ်ကြောင်း ပြောပါတယ်။ SRA အနေနဲ့ ယူနစ်အစိုးရ တွေနဲ့ အတူတူ အလုပ်လုပ်နိုင်ဖို့ NUGနဲ့အတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ထားပြီး ဒီရည်မှန်းချက်ပန်းတိုင်အတိုင်းဆက်ချီတက်မယ်လို့ ပြောပါတယ်။
အရင်က ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး လက်ရှိမှာ ICNCC ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဆလိုင်းထန်းချွန်းဖေကတော့ အာဏာရှင်စနစ်ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဒီကနေ့ အခမ်းအနားမှာ ပြောပါတယ်။
ဘယ်လောက်ပဲ ခက်ခဲမှုတွေ စိန်ခေါ်မှုတွေ ရှိနေပါစေ အနာဂတ်အတွက် ကိုယ်တိုင် ထုစစ်ပုံဖော်ပြီး မြန်မာပြည်တွင်းမှာရှိနေကြတဲ့ တိုင်းရင်းသားညီအကိုမောင်နှမအားလုံးနဲ့ ကောင်းမွန်စွာ ဆက်ဆံပြီးတော့မှ တော်လှန်ရေးကို ဆက်ပြီးတော့ တိုက်ပွဲဝင်သွားဖို့ ဖြစ်တယ်လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
တော်လှန်ရေးမှာ ဇွဲလုံ့လ မလျှော့ဘဲနဲ့ စိန်ခေါ်မှု ဘယ်လောက်ကြီးပါစေ အတူတကွဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းပြောပါတယ်။
” အတိတ်ကိုလည်း မမေ့သလို ပစ္စုပ္ပန်မှာလည်း အကောင်းဆုံးခရီးဆက်ကြမယ်။ အနာဂတ်မှာ အားလုံးနဲ့ လက်တွဲပြီးတော့မှ တော်လှန်ရေး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်ပါမယ်လို့ ကတိပြုရင်းနဲ့ အမှာစကားကို နိဂုံးချုပ်ပါတယ်။” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ICNCC နှစ်ပတ်လည် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“ICNCC အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးဟာလည်း ပြည်သူလူထုနဲ့အတူ ညီညီညွတ်ညွတ်နဲ့ ရှေ့ ဆက် ချီဆက်သွားကြဖို့ပိုအရေးကြီးပါတယ်။ အချင်းချင်းကြားမှာမတူကွဲပြားမှုတွေကို ညှိနှိုင်းပေါင်းစပ် အဖြေထုတ်ပြီးတော့ ဘုံရန်သူကို အစီအစဉ်တကျ ချေမှုန်းသွားဖို့ လိုအပ်ပါတယ်” လို့ CRPH ဥက္ကဋ္ဌက ပြောပါတယ်။




















































