Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လူအင်အားရင်းပြီး နယ်မြေ ထိန်းချုပ်ထားမှုတွေဟာ အဆုံးသတ်မဟုတ်၊ပြန်တုံ့ပြန်ဖို့ရှိဟု CNF ပြော

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(ချင်းပြည်နယ်၊ မင်းတပ်မြို့ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့၊ တွန်းဇံမြို့ အပါအဝင် နယ်မြေအချို့ ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေ နောက်ပိုင်း ဒေသတွင်း စစ်ရေး အခြေအနေများ မေးမြန်းရာ ဆလိုင်းထက်နီက အခုလို ရှင်းပြတာဖြစ်ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ပြန်လည်စိုးမိုးထားတဲ့ နေရာတွေကို အထိုင်ချဖို့ လုပ်ဆောင် နေပြီး မြေပြန်ကနေ လေကြောင်းကနေသော်လည်းကောင်း ကုန်းကြောင်းကနေသော်လည်းကောင်း ရိက္ခာခဲယမ်းတွေ စုနေတဲ့ အနေအထားဟု ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အဲဒီလို အထိုင်စခန်းအသေနဲ့ ထိုင်နိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကျနော်တို့က လမ်းမှာ ဖြတ်တောက်ရေးတွေ အတက်နိုင်ဆုံး ပြန်ပြီးတော့လုပ်သွားမယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ လတ်တလောမှာ ကချင်၊ ရက္ခိုင်၊ ချင်းဒေသတွေကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

” သူတို့ စစ်ဗျူဟာက လူရင်းပြီး ကုန်းကြောင်းရော လေကြောင်းရော ရေကြောင်းရော အဲဒီလို လုပ်နေတဲ့အနေအထားမှာရှိတယ်။ အဲဒီဟာက သူတို့ ဘယ်လောက်လုပ်နိုင်မလဲဆိုတာက ကျနော်တို့ဘက်က အများကြီးစုစည်းမှုအားကောင်းကောင်းနဲ့ ပြန်လုပ်ဖို့လိုမယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အခုလိုတန်ပြန်ထိုးစစ်ကို မျှော်လင့်ပြီးသားဖြစ်သလို တိုက်ပွဲဟာ အဆုံးသတ်မဟုတ်ကြောင်း ပြောပါတယ်။

” နွေဦးတော်လှန်ရေးမတိုင်ခင် အနေအထား နဂိုရ်အနေအထား သူတို့ လုံး၀ ရောက်နိုင်မှာ မဟုတ်သေးဘူး။ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေက အကျယ်ကြီးရှိပါသေးတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တမြို့နှစ်မြို့ သူတို့ စိုးမိုးလိုက်ရုံနဲ့ ဘာမှ စိတ်ဓာတ်ကျစရာမရှိဘူး ကျနော်တို့အနေနဲ့ အဲဒါကို သင်ခန်းစာယူပြီးတော့ စည်းလုံးညီညွတ်မှု ကျစ်လစ်မှု စစ်ရေးအရ မဟာဗျူဟာမြောက်တဲ့ ဗျူဟာတွေ ချပြီးတော့ ပြန်ပြီးတော့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CNFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ တို့ စုပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့ လတ်တလော နယ်မြေတွေက ဆုတ်ခွာရမှုတွေဟာ စစ်ရေးဗျူဟာအရ၊ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အရ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“အဓိကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျနော်တို့က မထည့်တွက်လို့မရဘူး။ သူတို့က အဲဒါတွေ ထည့်တွက်တာ မဟုတ်ဘူး။ အလုံးစုံ ပြည်သူအားလုံးပျက်သုဉ်းရေးကို သူက ဦးတည်နေတာ ဒါက အားလုံးသိပြီးသားဖြစ်ပါတယ်။ ကျနော်တို့ကျတော့ စစ်ရေးလုပ်တဲ့နေရာမှာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဆိုတဲ့ဟာက ကျနော်တို့ဘက်က ပြည်သူကို ငဲ့ကွက်ရမှာ။ ပြည်သူရှိမှလည်း ဒီတော်လှန်ရေးက အောင်မြင်မှာကိုး။ အဲဒီလို လုပ်တဲ့နေရာမှာ သူတို့က အဲဒါကို အခွင့်ကောင်းယူပြီးတော့ ကိုယ့်ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ် ဖြတ်လေးဖြတ်ဗျူဟာကို သုံးပြီး ကျနော်တို့ကို လုပ်နေတာဖြစ်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း တော်လှန်ရေးကာလမှာ စစ်ရေးက မဟာဗျူဟာအရ အဆုတ်အတက် ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခိုင်ခိုင်မာမာ ခုခံနေကြောင်း ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှာ ပြောကြားထားပါတယ်။

ပြည်သူကို အထိအခိုက်မဖြစ်စေဖို မဟာဗျူဟာ ကျကျ မြိုတွေက ဆုတ်ပေးပြီး ဗျူဟာ ကျကျ ပြန်လည်ခုခံတိုက်ခိုက်နေတာ တွေ့ရပြီး ဒါဟာ ပြည်သူနဲ့ရဲဘော်တွေအထိအခိုက်အနည်းဆုံး ဗျူဟာ သုံးတိုက်ခိုက်နေတာဖြစ်လို့ တိုက်ပွဲဝင် ဗိုလ်ချုပ်တွေ၊ ရဲဘော်တွေ နဲ့ NUG ကာကွယ်ရေး တို့ကို ဂုဏ်ယူချီးကျူးကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

စစ်အုပ်စုဟာ သူတို့ မပြိုလဲစေရေး နည်းမျိုးစုံ ကျားကန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်လုပ်နေကာ မြိုတွေ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်ချီရေး အကြီးအကျယ် လုပ်နေကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။

ကချင်-စစ်ကိုင်းအစပ်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ မြို့ရွာ နယ်မြေအချို့ကို ဧပြီလကုန်နဲ့ မေလဆန်းမှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်တွေက ပြန်လည်ပြီး ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လျက်ရှိရာ မေလ တတိယပတ်နဲ့ နောက်ဆုံးပတ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာကာ သူတို့ တပ်စွဲထားတဲ့ နေရာအချို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။

ချင်းတောင်ပိုင်းမှာလည်း ကန်ပက်လက်မြို့ ပြန်ရဖို့ စစ်ကောင်စီက မေလ ၁၈ရက်ကတည်းက လေကြောင်း ပစ်ကူအများအပြား မြေပြင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပေမယ့် မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။