ဧပြီ-၁၀၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။
SAC-M နဲ့ ANFRELတို့က အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ဒီမိုကရေစီ ပြည့်ဝတဲ့ ရွေးကောက်ပွဲ စံနှုန်းတွေနဲ့ ကိုက်ညီမှု လုံးဝ မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ စစ်တပ်က စိတ်တိုင်းကျ ခြယ်လှယ်ပြီးလိုသလိုပုံသွင်းထားတဲ့ ရွေးကောက်ပွဲတွေဟာ စစ်တပ်ကကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ကျိန်းသေပေါက်အနိုင်ရအောင်စနစ်တကျဖန်တီးထားတဲ့ လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်တပ်ကခြယ်လှယ်ပြီးပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေကို တရားဝင်ပါတယ်လို့ ဘယ်လိုမှ လက်ခံလို့မရကြောင်း၊ဒီကောက်ချက်ဟာခိုင်မာတဲ့ ထောက်အထားတွေအပေါ် မူတည်ပြီး ချထားတာ ဖြစ်တဲ့အပြင် မြေပြင် အခြေအနေမှန်တွေကိုလည်း ကျိန်းသေ ထပ်ဟပ်စေကြောင်း ANFRELရဲ့ အမှုဆောင် ဒါရိုက်တာ ဘစ်ဇာ ရိုဆာလက်စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
အားလုံးတွေ့မြင်ခဲ့ကြရတာဟာမြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့လိုလားကိုက်ညီတဲ့ရွေးကောက်ပွဲ တစ်ခု မဟုတ်ခဲ့ဘဲ နိုင်ငံတကာ အသိအမှတ်ပြုဒီမိုကရေစီ စံနှုန်းတွေအားလုံးကင်းမဲ့နေတဲ့ အခင်းအကျင်းတစ်ခုသာဖြစ်ကြောင်းသူကပြောပါတယ်။
အဖွဲ့အစည်းနှစ်ခု ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ရွေးကောက်ပွဲကို ကြီးကြပ်တဲ့ အဖွဲ့အစည်း၊ ရွေးကောက်ပွဲကို ကျင်းပတဲ့ စနစ်၊ ပါဝင်ခွင့်ရတဲ့ ပါတီတွေရွေးချယ်ပုံစတဲ့ကဏ္ဍတိုင်းဟာUSDP တစ်ဖက်သတ် အသာစီးရအောင်သေချာပြင်ဆင်ထားမှန်းသိသာစေခဲ့ကြောင်းထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဧရိယာရဲ့ ၄၂ ရာခိုင်နှုန်းမှာသာမဲရုံတွေ ဖွင့်လှစ်နိုင်ခဲ့သလို နိုင်ငံရဲ့အထင်ကရနိုင်ငံရေး ပါတီတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင်လည်း ဥပဒေမျိုးစုံ ပြဋ္ဌာန်းပြီး စစ်တပ်က ပိတ်ပင် တားဆီးထားခဲ့ပါတယ်။ အဲဒီလောက် အဖက်ဖက်က ဝိုင်းညစ်ပြီး အသာရအောင် ပံ့ပိုးပေးထားတာတောင် USDPဟာစုစုပေါင်းမဲပေးမှုတွေရဲ့ ၄၄ ကနေ ၄၅ ရာခိုင်နှုန်းလောက်ထိသာမဲရခဲ့တယ်လို့ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ချိန်ထိုးကြည့်ရင်ဘက်ပေါင်းစုံမှာ ပျက်
ကွက်မှုတွေ၊ လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ အစီရင်ခံစာကို ဦးဆောင် ရေးသားခဲ့သူ ရွေးကောက်ပွဲ ပညာရှင် အေမဲလ် ဗီရာက ပြောကြားခဲ့ပါတယ်။ဒီလုပ်ငန်းစဉ် တစ်ခုလုံးဟာ ပြည်သူ့ဆန္ဒ လုံးဝမပါတဲ့ လွှတ်တော်တစ်ရပ်ကိုအတင်းအကျပ်ဖန်တီးယူဖို့ သက်သက်သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပြည်သူလူထုဟာဆန္ဒမပါဘဲမဲပေးခဲ့ရကြောင်း၊ မဲပေးဖို့ခြိမ်းခြောက်တာ၊ဖိအားပေးတာ၊အကျပ်ကိုင်တာတွေ ရှိခဲ့ကြောင်း၊ အဲဒီလို အကြောက်တရားတွေနဲ့ ဖိနှိပ်ခံရတာတောင် ပြည်သူအများအပြားဟာ USDPကို ငြင်းပယ်ခဲ့ကြကြောင်းသူကဆက်ပြောပါတယ်။
ရွေးကောက်ပွဲဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အဓမ္မ ရယူထားခဲ့တဲ့ အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားနိုင်အောင် နှစ်တွေနဲ့ချီ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ လုပ်ငန်းတစ်ခုလို့လည်း အစီရင်ခံစာက ဆိုပါတယ်။ကုလသမဂ္ဂနဲ့ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်းတွေ ကောက်ယူထားတဲ့ မှတ်တမ်း အချက်အလက်တွေကို ကိုးကားပြီး SAC-Mနဲ့ ANFRELတို့က စစ်တပ်ဟာ ရွေးကောက်ပွဲ ကျိန်းသေ ဖြစ်မြောက်လာအောင် ဖိနှိပ်မှုတွေ၊ ခြိမ်း
ခြောက်မှုတွေ၊ လူသားချင်း စာနာမှု အကူအညီတွေအပေါ် အလွဲသုံးစားလုပ်ပြီး လှည့်စားမှုတွေ၊ အတိုက်အခံ အင်အားစုတွေကို ရန်လိုတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြတယ် ဆိုတာကိုလည်းအစီရင်ခံစာထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။
ရွေးကောက်ပွဲရဲ့ရည်ရွယ်ချက်ကိုကစစ်တပ်ရဲ့ အာဏာထိန်းချုပ် ကြီးစိုးမှုကို ပိုပြီး ခိုင်မာစေဖို့နဲ့ အာဏာသိမ်း စစ်တပ်ကို တရားဝင် အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာအမြင်မှာ ရုပ်လုံးပေါ်လာအောင် လှည့်စားဖို့သာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ တရားဝင် အစိုးရတစ်ရပ် ဘယ်လိုမှမဖြစ်နိုင်သလို တရားဝင် အသိအမှတ်ပြု ဆက်ဆံတဲ့ ဘယ်အစိုးရမဆို မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ ယှက်နွှယ် ရှုပ်ထွေးသွားနိုင်ကြောင်း SAC-Mရဲ့ အမှုဆောင် ဒါရိုက်တာ ဘန်လီကသတိပေးပါတယ်။
မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ဖိနှိပ်မှုတွေစဉ်ဆက်မပြတ်ရှိနေသေးတဲ့တိုင်အောင် ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေ ဆင်နွှဲနေတဲ့ နွေဦး တော်လှန်ရေးကလည်း ဆက်ပြီးကြံ့ကြံ့ခံတည်တံ့နေတာကိုလည်းအစီရင်ခံစာထဲမှာ ထည့်သွင်း အသိအမှတ် ပြုထားပါတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေကို အာမခံနိုင်ပြီး အရပ်သား အစိုးရ အုပ်ချုပ်မှုကို အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ဆိုတဲ့အမြင်တွေကလည်းပိုမိုထက်သန်အားကောင်းလာနေတယ်လို့လည်းဖော်ပြပါတယ်။
အဲဒီ အစီရင်ခံစာမှာတော့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေကို တရားဝင် အသိအ
မှတ်ပြု ဆက်ဆံဖို့၊ ငွေကြေး၊ နိုင်ငံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ကူညီဖို့၊ အာဏာသိမ်း စစ်တပ်ကိုဖယ်ကြဉ်ထားဖို့၊စစ်တပ်အလိုကျ ကျင်း
ပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ငြင်းပယ်ဖို့၊ မင်းအောင်လှိုင်နဲ့ တခြားစစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ပေးကြဖို့လည်း ထည့်သွင်း အကြံပြု တိုက်တွန်းထားခဲ့ပါတယ်။
ကိုးကား-SAC-M



















































