ဧပြီ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ် ဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (၈) ခုဖြစ်တဲ့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထေမ်းများကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း (YFCCO)နဲ့ ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ) တို့က ဒီကနေ့မှာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာပါ။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကတဆင့် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ ထပ်မံအပ်နှင်းလိုက်သော အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ တရားဝင်နိုင်ငံတော်သမ္မတဖြစ်ကြောင်းကို အခိုင်အမာ လက်ခံထားသလို နိုင်ငံတကာအသိုက်အဝန်းကလည်း မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ယနေ့တိုင် အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
သမ္မတ အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ကျန်းမာရေးနဲ့ ဘ၀လုံခြုံမှု ဆိုင်ရာ အခက်အခဲတွေ ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ် ခဲ့ပြီး ပြန်လွတ်မြောက်လာတာဟာ သမ္မတကြီးရဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ပြည်သူတွေရဲ့ တခဲနက် ထောက်ခံအားပေးမှုရလဒ်သာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
” မတရားဖမ်းဆီးသူ စစ်ကောင်စီအပေါ် ကျေးဇူးတင်ရှိရမည့် ကိစ္စရပ်မဟုတ်ဘဲ မူလကပင် မဖြစ်သင့်မဖြစ်ထိုက်သော လုပ်ရပ်ကို ပြန်လည်ပြင်ဆင်ခြင်းသာ ဖြစ်ကြောင်း ရှုမြင်ပါသည်” လို့ CDM နိုင်ငံဝန်ထမ်းတွေရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
သမ္မတ ဦးဝင်းမြင့် မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရတဲ့အပေါ် ပြည်သူတွေနဲ့အတူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးသည်လည်း အမြန်ဆုံး လွတ်မြောက်လာရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
” ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများအားလုံး ၎င်းတို့၏ မိသားစုနှင့်အတူ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ရေးကို ကျွန်ုပ်တို့ကောင်စီများက ပြည်သူနှင့်အတူ မျှော်လင့်လျက်ရှိပါသည်”လို့ CDM နိုင်ငံ့ဝန်ထမ်းများရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


















































