မေ-၃၊၂၀၂၆။မိထက်/People’s Spring
ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။
အသက်တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက်၂၀ကျော်အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကိုချောင်းသာ၊ ဆိပ်ကြီးကျေးရွာကသစ်တောကြိုးဝိုင်းထဲမှာ ဒေသခံတွေကမေလ၂ရက်နေ့မှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
“ဓားနဲ့ထိုးပြီးသတ်ထားတဲ့အနေအထား မြင်ရတာ။ ဒေသခံတွေကစပြီးတွေ့လို့ သိရတာ။ သားအမိတွေလား ဘာလားတော့မသိဘူး။ တော်တော်လေးထူးဆန်းနေတယ်” လို့ ချောင်းသာကမ်းခြေမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကရုပ်အလောင်းရှိရာနေရာကိုလာရောက်စစ်ဆေးခဲ့ပြီး ချောင်းသာဆေးရုံကိုပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဆိပ်ကြီးကျေးရွာနဲ့ သစ်တောကြိုးဝိုင်းပတ်ဝန်းကျင်က ဒေသခံတချို့ကို စစ်ဆေးနေပြီး ငါဦးထက်မနည်းကိုဖမ်းဆီးထားတယ်လို့လည်း သတင်းရရှိပါတယ်။
“အမှုကဘယ်လိုဖြစ်တယ်လို့မသိရသေးဘူး။ အဖမ်းခံရတဲ့သူတွေကတော့ သူတို့ကိုထောင်ချောက်ချဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပို့မှာကိုကြောက်နေကြတယ်။လူငယ်တွေလည်းမနေရဲတော့ဘူးဖြစ်နေတယ်”လို့ဒေသခံတဦးကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေသအများစုမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး လူသတ်မှုတွေ၊ အလောင်းဖျောက်ဖျက်မှုတွေ၊ ဓားပြတိုက်လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ဧရာဝတီတိုင်း ရန်ကုန်-ဇလွန်လမ်းပိုင်းမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတလောင်းတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်ကလည်း ဖျာပုံမြို့နယ်ထဲမှာ အမျိုးသမီးနဲ့တစ်ဦးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းဖျောက်ဖျက်မှု၊ ဟင်္သာတမြို့မှာ ဆရာဝန်လင်မယား သတ်ဖြတ်ခံရမှု၊ ပုသိမ်မြို့မှာကျောင်းသားချင်းအုပ်စုဖွဲ့ရိုက်နှက်ပြီးလူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။


















































