မေ-၂၅၊ ၂၀၂၆။ People’s Spring
မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆီ လိပ်မူပြီး QUAD အဖွဲ့ကို တောင်းဆိုခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ တိုးချဲ့လုပ်ဆောင်ဖို့၊ မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အချက်တွေကိုလည်း အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက ထည့်သွင်းတောင်းဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာကွန်ရက်တွေနဲ့ လူမျိုးစုအခြေစုအဖွဲ့တွေပါဝင်တဲ့ ၆၆ ဖွဲ့ဟာ QUASအနေနဲ့ မြန်မာ့အကျပ်အတည်းကို ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်စိန်ခေါ်မှုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement
စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းမှု ၅နှစ်ကျော်လာချိန်မှာ မြန်မာနိုင်ငံဟာ မကြုံစဖူးလူသားချင်းစာနာမှုဆိုင်ရာ ပြိုလဲမှုနဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ပြည်သူသန်းပေါင်းများစွာဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသလို အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာလည်း မတည်ငြိမ်မှုတွေ ဆက်လက်ဆိုးရွားနေတယ်လို့ ဖော်ပြပါတယ်။
မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းနိုင်ငံရေး ဒါမှမဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တစ်ခုတည်း မဟုတ်တော့ဘဲ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးရဲ့ ဒေသတွင်းမတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနဲ့ပိုမိုကျယ်ပြန့်သောလုံခြုံရေးခြိမ်းခြောက်မှုများကို ပိုမိုတိုးပွားလာစေတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ဆက်နွှယ်နေတဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ တရားမဝင် ဘဏ္ဍာရေးကွန်ရက်တွေဟာ လက်ရှိ အာရှနဲ့ အာရှပြင်ပရှိ သားကောင်များ၊ စီးပွားရေးများနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးစနစ်များကိုပါ ထိခိုက်နေတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ စိတ်ကြွရူးသွပ်ဆေးဝါး အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာနဲ့ နိုင်ငံတကာ ရာဇဝတ်မှုကွန်ရက်များကို ပံ့ပိုးပေးနေတယ်လို့ ဆက်လက်ဖော်ပြပါတယ်။
ဒါကြောင့် မြန်မာ့အကျပ်အတည်းဟာ လက်ရှိ ဒေသတွင်းတည်ငြိမ်ရေး၊ နိုင်ငံတကာလုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ အနာဂတ်အတွက် မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။
မြန်မာ့အကျပ်အတည်းကို လျစ်လျူရှုထားခြင်းဟာ ဒေသတွင်းနဲ့ ဒေသပြင်ပရှိ မတည်ငြိမ်မှုတွေကို ပိုမိုနက်ရှိုင်းစေလိမ့်မယ်လို့ သတိပေးပါတယ်။
မြန်မာပြည်သူများကို ပံ့ပိုးကူညီခြင်းနဲ့ မြေပြင်ရှိ ပကတိအခြေအနေများကို အပြုသဘောဆောင်စွာ ထိတွေ့ဆက်ဆံခြင်းဟာ ပိုမိုလုံခြုံ၊ တည်ငြိမ်၊ ခံနိုင်ရည်ရှိတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေဖို့ အထောက်အကူပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Quad အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးတကြီးဟန်ချက်ညီညီနဲ့အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက််တွန်းပါတယ်။


















































