ဇွန်-၇၊၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်ကို ဒေသထွက် ဂဏန်း၊ ပုဇွန်သွားရောင်းပြီးပြန်လာတဲ့ လူငယ် ၅ ဦးဟာ ပျောက်ဆုံးနေတာ နှစ်လကျော်ကြာပြီလို့ မိသားစုဝင်တွေက ပြောကြပါတယ်။
သူတို့ငါးဦဟာဖိုင်ဘာစက်လှေနှစ်စီးနဲ့ဂဏန်း၊ပုဇွန်တွေတင်ပြီး ၂၀၂၆ မတ်လ ၃၁ ရက်မှာ ပေါက်တောမြို့နယ် ငွေတွင်းဒွေကျေးရွာမှ မောင်တောမြို့ကို သွားခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ မောင်တောမြို့ကနေ ပြန်လာခဲ့ပြီး ရသေ့ တောင်မြို့နယ်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“ဂဏန်းသွင်းပြီးလို့ ရသေ့တောင်မြို့ လောင်းချောင်းဆိပ်ကမ်းကို ဆင်းလာတော့မယ်ဆိုတဲ့အကြောင်းကို မနက် ၁၁ နာရီလောက်မှာ အိမ်ကိုဖုန်းဆက်ပြောခဲ့တယ်။ ညနေ ၇ နာရီလောက်မှာ လောင်းချောင်းဆိပ်ကမ်းကို ရောက်နေပြီ၊ ရွာကို ပြန်လာတော့မယ်လို့ ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်ကနေ အဆက်အသွယ်မရခဲ့တော့ဘူး”လို့ ပျောက်ဆုံးနေ သူတွေထဲက တဦးဖြစ်တဲ့ ကိုနိုင်လင်းစိုးရဲ့ ဇနီးဖြစ်သူ မရွှေယဉ်ဝင်းက ပြောပါတယ်။

Public Service Announcement
ဧပြီ ၁ ရက်က ရသေ့တောင်မြို့နယ် လောင်းချောင်းဆိပ်ကမ်းမှာနောက်ဆုံး အဆက်အသွယ်ရပြီး အဲနောက်ပျောက်သွားတာမို့ အခုဆိုရင် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာ နှစ်လကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီလို အဆက်အသွယ်ပြတ်နေတာကြောင့် မိသားစုအနေနဲ့ အာရက္ခတပ်တော်(AA)လက်အောက်ခံ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဖြစ်တဲ့ သပြေကန်စခန်း၊ ပေါက်တောမြို့မစခန်း၊ ရသေ့တောင်မြို့မစခန်း၊ မင်းပြားခရိုင်၊ မြောက်ဦးခရိုင်ရဲဌာနတို့မှာ တိုင်ကြားခဲ့ပေမယ့် အခုထိ တစုံတရာအကြောင်းပြန်ကြားချက်မရဘူးလို့ ဆိုပါတယ်။
“ဘယ်လိုပျောက်သွားလဲ စဉ်းစားလို့လည်း မရဘူး။ ဘယ်က ဖမ်းလို့ ဖမ်းသွားမှန်းလဲမသိဘူး။ အဲဒီလို အစအန လည်း မရ၊ စုံစမ်းလို့လည်း လုံး၀ အစအနမရ။ အတိအကျလည်း မပြောနိုင်ဘူး ဘယ်ကဖမ်းသွားတယ်ဆိုတာကို။ အဲဒါကြောင့်မို့လို့ ကျွန်မတို့လည်း စောင့်နေတာပေ့ါ။လုံး၀ မသိရသေးဘူး။ ဖမ်းသွားတာကိုလည်း မသိရသေးဘူး။ ဘာမှ မသိရသေးဘူး အခု” လို့ မရွှေယဉ်ဝင်းက ပြောပါတယ်။
အခုပျောက်ဆုံးနေသူတွေဟာ ပေါက်တောမြို့ အမှတ်(၄)ရပ်ကွက်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပေါက်တောမြို့ တွင်း တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီး၊ စစ်ဘေးရှောင်ခဲ့ကြရကာ အရင်းအနှီးချေးငှားပြီး ပုဇွန်၊ ဂဏန်း ဝယ်၊ ရောင်းတဲ့ အလုပ်ကို ပေါင်းလုပ်နေကြသူတွေဖြစ်ပါတယ်။
“ကျွန်တော်တို့အပိုင်းက လူတွေ၊ ရိုးရိုးသားသားလုပ်စားနေကြတာ။ ငါးယောက်မှာ သုံးယောက်က မိသားစုတွေ၊ ညီ အစ်ကို၊ ယောက်ဖတွေပါ။ စိတ်မကောင်းဘူး။ဘယ်ကိုရောက်နေလဲမသိဘူး။ သတင်းတွေ သိရရင်ကောင်းမယ်” လို့ ပေါက်တောမြို့၊ အမှတ်(၄)ရပ်ကွက်မှ ပျောက်ဆုံးနေသူတွေရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
အမျိုးသားဖြစ်သူနဲ့ နှစ်လကျော်ကြာ အဆက်အသွယ်ပြတ်နေတဲ့ မရွှေယဉ်ဝင်းက ပျောက်ဆုံးနေသူတွေကို ရှာပေးဖို့ တောင်းဆိုပါတယ်။
“ကျွန်မတို့ ကိုယ့်လူတွေ ပျောက်သွားတဲ့လူတွေနဲ့ အဆက်အသွယ်တခု ရရင် ကျေနပ်ပါပြီ။ အဲဒီ လူတွေနဲ့ အဆက်အသွယ်ရဖို့တခုပဲ လိုလားတာပါ။ အဲဒါတခုရရင် ကျွန်မ ကျေနပ်ပါပြီ”လို့ ဆိုပါတယ်။
အခုပျောက်ဆုံးနေသူတွေဟာ ကိုနိုင်လင်းစိုး(၂၈နှစ်)၊ ကိုမောင်သန်းဌေး(၂၁ နှစ်)၊ ကိုမင်းထက်အောင်(၃၂ နှစ်)၊ ကိုခင်မောင်အေး(၄၂ နှစ်)နဲ့ ကိုမောင်ဘသိန်း(၃၃ နှစ်)တို့ ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ခရီးသွားလူငယ်အချို့ကို အာရက္ခတပ်တော်(AA)က ဖမ်းဆီး၊ ထိန်းသိမ်းပြီး စစ်မှုထမ်းဥပဒေရ စစ်သင်တန်းပို့တာမျိုးတွေရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို၂၀၂၅ မေလမှာထုတ်ပြန်ပြီး စစ်မှုထမ်းဖိုြလူစာရင်းကောက် တာတွေ ရှိသလို ၊လူငယ်တွေကိုယ်တိုင် AA တပ်ဖွဲ့ဝင်အဖြစ်သွားရောက်စစ်မှုထမ်းတာတွေလည်းရှိပါတယ်။


















































