သြဂုတ်-၃၊၂၀၂၆။တာရာ/People’s Spring
မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ လေ့ကျင့်ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီးလေယာဥ်ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဩဂုတ် ၃ရက် မနက် အစော ၅နာရီလောက်မှာ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းရေး လုပ်နေစဉ်မှာ ငှက်တစ်ကောင်နဲ့ တိုက်ခိုက်မှုဖြစ်ပြီး အင်ဂျင်ခန်းမီးလောင်လို့ ပျက်ကျခဲ့တာလို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။အဲဒီဖြစ်စဉ်မှာ စစ်တပ် လေယာဉ်မှူး မသေဘဲ ခုန်ထွက်နိုင်ခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ စစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါတိုက်လေယာဥ်ကဗုံးကြဲဖို့သွားစဥ် အင်ဂျင်ခန်းမီးလောင်လို့ ပျက်ကျခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ်။

Public Service Announcement
“မနက်အစော ရခိုင်ဘက်ကိုသွားတာ။တိုက်လေယာဥ်ကတစ်စင်းထဲတော့မဟုတ်ဘူး။ နှစ်စင်းတတ်သွားတာ။ပြီးတော့မနက်အစောကြီး။ ရာသီဥတုကလည်းသိပ်မကောင်းဘူး။ နောက်တစ်ခုက လေယာဥ်အမှုထမ်းတွေက တောက်လျှောက်မနားရဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုတောက်လျှောက်သွားနေရတော့ ဒဏ်မခံနိုင်ကြဘူး။ မနက်အစောပိုင်းဆို ငှက်တွကလည်း အိပ်တန်းထနေတဲ့အချိန် တိုက်မိတာနေမှာပေါ့။ငှက်ကအင်ဂျင်ခန်းထဲကိုဝင်သွားတော့ မီးလောင်ပြီးပျက်ကြတာ။ အဲဒီမှာလေယာဥ်မှူးက အရေးပေါ်ခလုတ်နဲ့လေထီဖွင့်ပြီးခုန်ချတော့ အသက်ဘေးကလွတ်တာပေါ့။ အမှုထမ်းကတော့သေတယ်။ လေယာဥ်မှူးကိုတော့ သူတို့စစ်နေတယ်လို့ကြားတယ်” လို့ စစ်တပ်နဲ့နီးစပ်သူတဦးကပြောပါတယ်။
စစ်တပ်လေယာဥ်ဟာ ဘယ်ဒေသကို ဗုံးသွားကြဲရင်းပျက်ကျခဲ့တယ်ဆိုတာကို လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ဒါပေမယ့်စစ်တပ်ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းအစပ်ဒေသတွေ နဲ့ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း ၊ကချင်ပြည်နယ် စတဲ့ ဒေသအနှံကို ဗုံးတွေ ဆက်တိုက်ကြဲနေတာဖြစ်ပါတယ်။
သြဂုတ် ၃ ရက်မနက်မှာဆိုရင် စစ်တပ်ကရခိုင်ပြည်နယ် ၊သံတွဲမြို့နယ် ၊ငပလီကမ်းခြေရှိဂျိတ္တောအမှတ်(၉)ရပ်ကွက် ကိုမနက်၁၀နာရီကျော်ကနေ ၁၁ နာရီနီးပါးထိ မိနစ် ၃၀ ကျော်ကြာတိုက်လေယာဥ် ၄ စီး ၊Y-12 တစ်စီးနဲ့ ဗုံး ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။ လေယာဥ်အုပ်နဲ့ ဗုံး အလုံး ၆၀ ကျော်ကြဲတာကြောင့် အနည်းဆုံးဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် ။
ဒါ့အပြင် သြဂုတ် ၃ ရက်မှာ ကရင်ပြည်နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က မြန်မာ-ထိုင်းနယ်စပ်ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်နေပါတယ်။ သြဂုတ် ၃ ရက်မှာ စစ်တပ်ရဲ့တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၃) တပ်ရင်းနဲ့ ခမရ(၂၁၀)တို့ဟာ ဒေါနအရှေ့ခြမ်းမှာ စစ်ကြောင်းထိုးဝင်စဥ် KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင်စစ်ကြောင်းတစ်ခုလုံးပျက်ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ကလည်းထုတ်ပြန်ပါတယ် ။
စစ်တပ် တိုက်လေယာဥ်ပျက်ကျပြီးတော့ သြဂုတ် ၃ ရက်မနက်ကတည်းက ညောင်နှစ်ပင်လမ်းခွဲကို စစ်ကားတွေ တောက်လျှောက်သွားနေတာ တွေ့ရတယ်လို့မှော်ဘီမြို့ခံတစ်ဦးကလည်းပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေအပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့ည မရွေးလုပ်နေတာဖြစ်ပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ခိုက်ရေးလေယာဉ်တွေကို အုပ်စုလိုက် အသုံးပြု တိုက်ခိုက်နေရုံသာမက Y12 လေယာဉ်တွေကိုလည်း အသုံးပြုလျက်ရှိပြီး ဗုံးအလုံးအရေ အများအပြား ကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းနေ့စဥ်ရက်ဆက် ပတ်ပြီးမနားတမ်းဗုံးကြဲနေတာ ၊လေယာဥ်မောင်းနဲ့ အမှုထမ်းတွေ ဆက်တိုက် ဗုံးလိုက်ကြဲနေတာကြောင့် လေယာဥ်တွေရဲ့ကြံ့ခိုင်မှု အပေါ် မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။
အဲဒီလို တိုက်ခိုက်လာမှုအပေါ် တော်လှန်ရေးတပ်တွေကလည်း ခုခံတိုက်ခိုက်မှု လုပ်ခဲ့ရာ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေးအပါအဝင် ဒေသအချို့မှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်အချို့ ထိမှန်ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။
People’s Spring စုဆောင်းထားတဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်မျိုးစုံ နဲ့ ရဟတ်ယာဥ် အစီးရေ အနည်းဆုံး ၁၂ စီး ပျက်ကျခဲ့ပြီး ၊ အကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၈ စီးရှိနေပြီဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတ၀န်းသေဆုံးတဲ့ ပြည်သူ ၆,၀၀၀ နီးပါး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

















































