ဩဂုတ် ၁၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။
KIA တပ်မဟာ(၄) အမှတ်(၃၄)တပ်ရင်း လှုပ်ရှားနယ်မြေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဩဂုတ် ၁၀ရက်က မိုးမိတ်မြို့နယ် အောက်ညောင်နီရွာအနီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က MI 35၊ Y12 လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
မိုးမိတ်မြို့နယ် ညောင်နီရွာအနီးတိုက်ပွဲအတွင်း စစ်တပ်ကို တိုက်ခိုက်ရာမှာ ရှမ်းတပ် SSPPလည်း ပါဝင်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ထားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
ကချင်သတင်းရင်းမြစ်တဦးကတော့ “အဲဒီဘက်မှာ တော်လှန်ရေး မဟာမိတ်တပ်တွေ အားလုံးရှိပါတယ်” လို့ ပြောပါတယ်။
မိုးမိတ်ဟာ တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ခဲ့တဲ့မြို့ဖြစ်ပြီး ၂၀၂၅နှစ်ကုန်ပိုင်းက TNLAနဲ့ စစ်တပ်အကြား အပစ်ရပ်စဲရေးသဘောတူညီချက်အရ စစ်တပ်ထံ မြို့ ပြန်လွှဲပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို မြို့ကို လွှဲပေးပြီးနောက် ဒေသတွင်းမှာ နဂိုရ်ကတည်းက ရှိနေတဲ့ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ရှိခဲ့ပေမဲ့ ပြန်ငြိမ်ခဲ့ရာ အခု ဩဂုတ်လမှာ တိုက်ပွဲ ပြန်စတင်ခဲ့တာလည်းဖြစ်ပါတယ်။


















































