စက်တင်ဘာ -၂ ၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီအမျိုးသားများကာကွယ်ရေတပ် -KNDF ရဲ့ ပထမအကြိမ် ညီလာခံကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ညပိုင်းမှာ KNDF က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ပထမအကြိမ် ညီလာခံကို ၂၀၂၆ သြဂုတ် ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ကရင်နီပြည်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံကို ဗဟိုကော်မတီဝင်တွေ၊စစ်ဒေသမှူးတွေ၊ ဌာနမှူးတွေ ၊ တပ်ရင်းမှူးတွေ ၊ ရုံးဦးစီးမှူးတွေနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊စုစု ပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
ညီလာခံမှာ KNDF ရဲ့ အရင်ကာလလုပ်ငန်းစဥ်တွေနဲ့ စစ်ရေး ၊နိုင်ငံရေးရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေ ၊ စစ်ရေး ၊ နိုင်ငံရေး ဦးတည်ချက်တွေ ဆုံးဖြတ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကလလတ ဥက္ကဌ တို့ တက်ရောက်ဆွေးနွေးပြောဆိုမှုနဲ့ပတ်သက်လို့ KNDF ဥက္ကဌ ခွန်ဘီထူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသာအယ်စိုးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
KNDF ရဲ့တပ်တည်ထောင်မှု (၅)နှစ်ပြည့်တဲ့ အခုနှစ မေလက AA ရဲ့ သ၀ဏ်လွှာထဲမှာ KNDF တပ်ကို အသိအမှတ်ပြုတဲ့အပြင် စစ်ရေး၊နိုင်ငံရေးရည် မှန်းချက်တွေ အချိန်တိုအတွင်း ပြည့်မြောက်နိုင်ဖို့ ဆုတောင်းထားတာပါရှိပါတယ်။
မနေ့က ကနဦးထုတ်ပြန်ချက်တွေအရ ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်း ဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ညီလာခံဆွေးနွေးချက်တွေမှာ ပါ၀င်ပါတယ်။
အခု ၂၀၂၆ မှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ KNDF ညီလာခံမှာ KNDF ရဲ့ တော်လှန်ရေးမှောက်တိုင်တွေ နဲ့ နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများကို စနစ်တကျ ဆက်လက်တည်ဆောက်သွားဖို့ပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“နိုင်ငံရေးမပါသည့် တော်လှန်ရေးမရှိသကဲ့သို့ နိုင်ငံရေးရလဒ်များအား စုစည်းတည်ဆောက်ထားမှု မရှိသည့် တော်လှန်ရေးသည် လက်နက်ကိုင် တော် လှန်ရေး၏ အောင်မြင်မှုကို မတိုင်းတာနိုင်ပါ”လို့ KNDF က ပြောပါတယ်။
မူဝါဒရေးရာဆိုင်ရာ ဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။
အထူးသဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေတဲ့ အခြားတော် လှန်ရေးတပ်တော်များနှင့်အတူ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တည်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း ချိတ်ဆက်ပါဝင်အားဖြည့်ထားတယ်လို့ KNDF က ဆိုပါတယ်။
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တဲ့အပြင် တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကျင့်သုံးနေမှုကိုလည်း နိုင်ငံတကာက စောင့်ကြည့်အကဲဖြတ်ခြင်းကိုလည်း ခွင့်ပြုသွားမယ်လို့ KNDF က အသိပေးပါတယ်။
ရပ်တည်ချက်တွေ၊ဆွေးနွေးဆုံးဖြတ်ချက်တွေ နဲ့ အနာဂတ်ဦးတည်ချက်တွေကိုလည်းအခြေခံပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ ဒေသခံလူထုက ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်တွန်းမှုတွေရှိပါတယ်။
“လာမယ့်နှစ်(၂၀၂၇ ခုနှစ်မှာ) UKSA ကို ဖွဲ့စည်းနိုင်ဖို့ ထိပ်ပိုင်းခေါင်းဆောင်တွေကြိုပမ်းနေတာရှိတယ်။အသေးစိတ်တော့ မသိရသေးဘူး”လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။


















































