Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုတာဆုံတိုက်ပွဲ စစ်သား ၅ဦးသေဆုံး

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

( ရန်ကုန်-မန္တလေးလမ်းဟောင်း ဒေသရှိစစ်တပ်စခန်း​တွေကိုPDFနဲ့ ပူး​ပေါင်းတပ်​တွေက၂၀၂၆ ဇန်နဝါရီလမှတိုက်ခိုက်ခဲ့စဥ်PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-ပဲခူးတိုင်းစစ်​ဌာန)

စက်တင်ဘာ-၂၈၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း အုတ်ဖိုမြို့ ဂုံညင်းတန်းလမ်းဆုံက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က(စက်တင်ဘာ၂၇ )မနက်အစောပိုင်းမှာဝင်‌ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က၅ ဦးသေဆုံးတယ်လို့ပဲခူးတိုင်းစစ်ဌာနက ဒီနေ့(စက်တင်ဘာ၂၈)မှာသတင်းထုတ်ပြန်ထားတာပါ။

ဒီတိုက်ပွဲမှာစစ်တပ်ဘက်က ၅ဦးသေဆုံးတဲ့အပြင် G-3 ကျည်ဘောက် ၁ ခု၊ ၇.၆၂ G-3 ကျည် ၄၅၀ နဲ့တခြားစစ်သုံးဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် အထိအခိုက်အကျအဆုံး မရှိဘဲ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဂုံညင်းတန်းလမ်းဆုံဂိတ်က ခရီးသွားပြည်သူတွေနဲ့ကုန်တင်ယာဉ်တွေကိုဆက်ကြေးတောင်းခံနေတဲ့ ဂိတ်ဖြစ်ပြီး ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်က တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅) ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

နှစ်ဖက်တိုက်ခိုက်မှု တစ်နာရီနီးပါးကြားမြင့်ခဲ့ပြီး စစ်တပ်ဘက်က စစ်ကြောင်းလိုက် စစ်ကူလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တာလို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

“ပုံမှန်တွေ့နေကြအင်အားက ၁၅ ယောက်ကနေ ၂၀ ကြားရှိတယ်။ကားတွေကို ဆက်ကြေးတောင်းကြမ်းသလို ပေါ်တာဆွဲကြမ်းတဲ့ ပျူခေါင်းဆောင်စိုးမင်းဂိတ်ထိုင်ရာ စခန်းလဲဖြစ်ပါတယ်”လို့ အုတ်ဖိုဒေသခံတစ်ဦးက ဂုံညင်းတန်းတာဆုံဂိတ်အကြောင်းကို ပြောပါတယ်။

စစ်တပ်စစ်ကူစစ်ကြောင်းက ဂုံညင်းတန်းတာဆုံဂိတ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒီးဒူးပင်နဲ့ ဘုတ်သိုးကျေးရွာတွေဘက်ထိ ၀င်ရောက်ခဲ့ပြီး ဒေသခံ ၂ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ ‌ပြည်သူ ၂ဦးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အိုးသည်ကုန်းမြို့ အောက်ဘက်ခြမ်းမှာရှိတဲ့ မင်းလှနဲ့ လက်ပံတန်းမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် အခု စက်တင်ဘာထဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်တို့ကို နယ်မြေစိုးမိုးနိုင်ဖို့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေပါတယ်။

ဒါကြောင့်လည်း တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့စစ်တပ်ဂိတ်စခန်းတွေအပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook