ဧပြီ-၁၀၊၂၀၂၆။ရောင်နီ၊မိုမို/People’s Spring
စံချိန်တင်မြင့်တက်နေတဲ့ စက်သုံးဆီဈေးဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်နေပြီး ဒီဇယ်တစ်လီတာ ကျပ်တစ်ထောင်ခန့် ထပ်မံတက်လာပါတယ်။
စစ်တပ်ရဲ့ ရည်ညွှန်းဈေးသတ်မှတ်ချက်အရ ဒီတစ်ပတ် ရန်ကုန်မှာ စက်သုံးဆီဈေးက ဓာတ်ဆီ 92တစ်လီတာ ၄,၇၃၅ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၉၄၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၆,၄၈၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၇,၇၅၅ကျပ် အထိရှိနေတာပါ။
ဒီဈေးနှုန်းတွေက ပြီးခဲ့တဲ့တစ်ပတ် နဲ့ယှဉ်ရင် တစ်လီတာကို 92က ၁၁၀ ကျပ် ၊ 95 က ၁၆၅ ကျပ်၊ ဒီဇယ်ဆီက ၈၀၅ ကျပ် နဲ့ ပရီမီယံဒီဇယ်က ၉၅၀ ကျပ် အထိမြင့်တက်ခဲ့တာပါ။

Public Service Announcement
အရှေ့အလယ်ပိုင်းတိုက်ပွဲတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေက ခြောက်ပတ်ဆက်တိုက်မြင့်တက်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ဈေးနှုန်းတွေနဲ့ ယှဉ်ရင် စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ၂၄၀၀ ကနေ ၅၀၀၀ နီးပါးအထိ ဈေးတွေမြင့်တက်လာခဲ့တာပါ။
ဒီနေ့(ဧပြီ၁၀)က စုံရက်ဖြစ်တာကြောင့် မရက်တွေနဲ့ ယှဉ်ရင်တော့ ကားတန်းစီသူတွေနည်းတယ်လို့ ရန်ကုန်မြို့က ယာဉ်မောင်းတွေက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ထက်မန္တလေးအပါအဝင် နယ်မြို့တွေမှာ ပြင်ပစက်သုံးဆီစျေးကွက်ကနေ အဆမတန် စျေးပေးပြီးဝယ်ယူနေရပြီး ရန်ကုန် မြို့မှာလည်း အချိန်ကြာမြင့်စွာ ဆီတန်းစီနေရဆဲလို့ ဒေသခံတွေက ဆိုပါတယ်။
“ဆီတန်းစီရတဲ့အခက်အခဲက ဘယ်လိုဖြစ်လဲဆိုတော့ လူကြီး ဒိုင်ဘာ ဝတ်နေရတယ်”လို့ အင်းစိန်မြို့နယ်က ယာဥ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဓာတ်ဆီ ရက် ၄၀ နဲ့ ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ဧပြီလထဲမှာ သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းဖို့ စီမံထားတယ်လို့ စစ်ကောင်စီရဲ့ စစ်တပ်စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၆ ရက်က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာပါတဲ့ စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ရင် နှစ်စဥ်ဒေါ်လာ သန်း ၂၀၀၀ခန့် လျော့နည်းသက်သာ စေမယ်ဆိုတဲ့အချက်အလက်ကိုလည်း ပြည်သူတွေက ဝေဖန်ထားပါတယ်။
“တောင်သူလယ်သမားတွေ ဒုက္ခရောက်နေကြတယ်။အောက်ခြေပြည်သူတွေ ကုန်စျေးနှုန်းဒဏ်အလူး အလဲ ခံရတာကို မကြည့်ဘဲ နိုင်ငံခြားငွေသုံးစွဲမှုသက်သာတယ်ဆိုတဲ့ အတွေးအခေါ်က တော်တော်ဆိုးတယ်”လို့ မြောက်ဒဂုံမြို့နယ်က အသက် ၄၀ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပြည်တွင်းစက်သုံးဆီ ခွဲတမ်းနဲ့ပတ်သက်လို့ မတ်လ ၃ ရက်ကစပြီး ဧပြီ ၂ ရက်အထိ စနစ်ခြောက်ခု ကို စစ်တပ်က အမျိုးမျိုးပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
စက်သုံးဆီဈေးတွေ ဆက်တိုက်တက်နေပေမယ့်လည်း ဆိုင်တိုင်း ဆီအမျိုးအစားအစုံရောင်းချပေးနိုင်တာ မရှိဘူးလို့ ယာဉ်မောင်းတွေကဆိုပါတယ်။
စက်သုံးဆီဈေးဆက်လက်မြင့်တက်နေမှုကြောင့် အခြေခံစားသောက်ကုန်တွေ ကားခတွေ ဆက်တိုက်မြင့်တက်နေပါတယ်။


















































