Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်သစ်ကူးနောက်ပိုင်း အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း ထရမ့်ခြိမ်းခြောက်

နှစ်နိုင်ငံကြား သဘောတူညီမှု တစ်ခုခု မရဘူးဆိုရင် နှစ်သစ်ကူးပြီးနောက်ပိုင်း အီရန်ကို တကျော့ပြန် တိုက်ခိုက်ဖို့ သူ့အနေနဲ့ အမိန့်ပေးနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

နှစ်နိုင်ငံကြား သဘောတူညီမှု တစ်ခုခု မရဘူးဆိုရင် နှစ်သစ်ကူးပြီးနောက်ပိုင်း အီရန်ကို တကျော့ပြန် တိုက်ခိုက်ဖို့ သူ့အနေနဲ့ အမိန့်ပေးနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့တုန်းက Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က အခုလို ခြိမ်းခြောက်ခဲ့တာပါ။ သူက လောလောဆယ် အီရန်နဲ့ သံတမန်ရေး လမ်းကြောင်းတွေကနေ စေ့စပ်ဆွေးနွေးမှုတွေဟာ အဓိပ္ပါယ် ကင်းမဲ့သလို ခံစားလာရကြောင်းလည်း ဆိုပါတယ်။

အီရန်ဟာ စေ့စပ်ဆွေးနွေးမှုတွေကို ရှေ့မတိုးနိုင်အောင် တမင်ကြံစည်နေသလို တစ်ချိန်တည်းမှာပဲ အမေရိကန်အပေါ် ရန်လိုမှုတွေ ပိုမို ပြသလာနေတယ်လို့လည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ ပြီးစီးခဲ့တဲ့ အမေရိကန် ကြားကာလ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အီရန်ရဲ့ ရန်လိုမှုတွေက ပိုလို့တောင် သိသာလာတယ်လို့လည်း သူက ဆိုပါတယ်။ အီရန်က စကားတွေ အများကြီး လျှောက်ပြောနေပေမယ့် ဘာမှ အဓိပ္ပါယ် မရှိတာတွေလို့လည်း ထရမ့်က ဝေဖန်သွားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အခြေအနေတွေကို တိုးတက်မှု ရှိမလာဘူးလို့ သေချာလာရင် နှစ်သစ်ကူးနောက်ပိုင်း အီရန်အပေါ် အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ ပြန်စမယ့်ဖက်ကို သူ့ရဲ့ သဘောထားက ပိုယိမ်းလာလိမ့်မယ်လို့လည်း ထရမ့်က ပြောကြားသွားပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်း တိုက်ခိုက်ရာက စတင်ခဲ့တဲ့ စစ်ပွဲဟာ လတ်တလောမှာတော့ အလွတ်သဘော အပစ်အခတ် ရပ်နားထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နှစ်ဖက်ကြားမှာ အကန့်အသတ်နဲ့ တိုက်ခိုက်မှုတချို့ ဖြစ်ခဲ့ပါတယ်။

ထရမ့်က အီရန်အပေါ် စစ်အင်အားနဲ့ ထိုးနှက်မှုတွေကို ရပ်တန့်ထားပြီး စီးပွားရေးအရ အပြင်းအထန် ဖိအားပေးမယ်လို့ ကြွေးကြော်ရင်း ဟောမုဇ်ရေလက်ကြားအထွက် ရေပြင်မှာ အမေရိကန် ရေတပ်ကို ဖြန့်ကျက်ထားပြီး အီရန်ရဲ့ ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပါတယ်။

အီရန်အနေနဲ့ အရမ်းသတ္တိရှိနေရင် အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့ထားမှုကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်လာဖို့ သူစိန်ခေါ်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ အဲဒီအခါကျရင် ရန်ပြုလာသူတွေဟာ တခြားအီရန်ရေတပ် သင်္ဘောတွေလိုပဲ ရေအောက် ရောက်သွားစေရမယ်လို့လည်း ထရမ့်က Foxကို ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အီရန်ရဲ့ မြို့တချို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေပါတယ်။ ဆန္ဒပြသူတွေကို ဘယ်လို သတင်းစကားမျိုး ပေးပို့ချင်သလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က ဆက်ပြီး ဆန္ဒပြနေကြဖို့ တိုက်တွန်းကြောင်း တုံ့ပြန်သွားပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

Facebook