နိုဝင်ဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သလို ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်သု၀ဏ္ဏ(ခေါ်)နိုင်ထွန်းဖေ ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
မွန်ပြည်နယ် ကြားကာလညှိနှိုင်းရေးကော်မတီ (MSICC) ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်သလို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ရဲ့ သဘာပတိဟောင်းလည်းဖြစ်သူ နိုင်သု၀ဏ္ဏဟာ အသက် ၈၈နှစ်အရွယ် နိုဝင်ဘာ ၂၁ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
နိုင်သု၀ဏ္ဏ ကွယ်လွန်မှုအပေါ် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်ရဲဘက်များနဲ့ အတူ ဝမ်းနည်းကြောင်း MSFC က သဝဏ်လွှာပေးပို့ခဲ့ပြီး ခေတ်အဆက်ဆက် အတွေ့အကြုံရင့်ကျက်ပြီး တန်ဖိုးမဖြတ်နိုင်သော နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ဦး ဆုံးရှုံးရခြင်းဟာ မွန်အမျိုးသားထုတစ်ရပ်လုံးသာမက ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးတစ်ခုလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ရဲ့ သဝဏ်လွှာမှာလည်း နိုင်သု၀ဏ္ဏဟာ မွန်အမျိုးသား နိုင်ငံရေး အင်အားစုများအကြား ညီညွတ်မှုရရှိရေးနဲ့ အမျိုးသား အခွင့်အရေးများ ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်လို့ မွန်နိုင်ငံရေး သမိုင်းတွင် အသိအမှတ်ပြု ထိုက်သော အခန်း ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ စစ်တပ် မတရား အာဏာသိမ်းပြီးနောက် ကိုယ်ကျိုးကို မကြည့်ဘဲ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆုံးမှ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလတွင်လည်း မျိုးဆက်သစ်လူငယ်များအား နိုင်ငံရေး အတွေ့အကြုံများနဲ့ သင်ခန်းစာများကို မျှဝေပေးခဲ့သူ ဖြစ်ပြီး နိုင်သုဝဏ္ဏ ကွယ်လွန်မှုဟာ မွန်အမျိုးသားနိုင်ငံရေးလောကအတွက် ဝါရင့် ခေါင်းဆောင် တစ်ဦးကို ဆုံးရှုံးရခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း သမိုင်းအတွေ့အကြုံများကို တိုက်ရိုက် လက်ဆင့်ကမ်းပေးနိုင်သူတစ်ဦး ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။
ကွယ်လွန်သူ နိုင်သုဝဏ္ဏဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် (7 July) ကျောင်းသားလှုပ်ရှားမှုကာလမှစတင်ကာ ဒီမိုကရေစီအရေးနဲ့ မွန်အမျိုးသားအခွင့်အရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
























































