နိုဝင်ဘာ ၂၃၊၂၀၂၆။ထားမြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ကျေးရွာ ၃ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ဗုံးကြဲတာ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ရက်နဲ့ ၂၂ရက်တွေမှာ ပေါက်တောမြို့နယ် သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
နိုဝင်ဘာ ၂၂ရက် နန်းတက်ကျွန်းရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ၅လသားအရွယ် ကလေးငယ်အပါအဝင် ၄ဦးသေဆုံးကာ ကလေးငယ် ၄ ဦး အပါအဝင် ၉ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။

Public Service Announcement
လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၃လုံး ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။
နိုဝင်ဘာ ၂၀ရက်ည သန်းခေါင်အချိန်မှာလည်း သဝင်ချောင်းရွာနဲ့ ဓားကိုင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦး အပါအဝင် ၄ဦး သေဆုံးကာ နေအိမ် ၁၅လုံး ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ပြည်သူလူထုပိုင် နွား၂ ကောင်သေဆုံးကာ ၂ကောင် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတ၀ိုက်ရွာတွေကိုလည်း နိုဝင်ဘာ ၂၀ရက်က လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်လေယာဉ် ၅စီး၊ Y12 လေယာဉ် ၁စီးတို့နဲ့ လေကြောင်း တိုက်ခိုက်ခဲ့ရာ တနာရီခန့်အတွင်း ဗုံးအလုံးရေ ၃၀ခန့် ကြဲချခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက်မရှိခဲ့ပေမဲ့ အရပ်သား ပြည်သူလူထုတွေရဲ့ တောင်ယာတဲအချို့ ပျက်စီးတာရှိခဲ့ကြောင်း အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခပြည်အနှံ့ မြို၊ ရွာ များရှိ စစ်ရေးနဲ့ မသက်ဆိုင်သော နေရာများကို နေ့စဉ်နဲ့အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့အချို့ ပြန်ရဖို့ ထိုးစစ်ဆင်နေချိန် ထိုးစစ်မအောင်မြင်ဘဲ အထိနာခဲ့သလို စစ်တွေ၊ ကျောက်ဖြူစတဲ့ လက်ကျန်မြို့တွေပါ AA ရဲ့ တိုက်ခိုက်မှု ကြုံနေရတာဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အာရက္ခဒေသရှိ ကျေးရွာတွေအပါအဝင် အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေလို့ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
























































