မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ ကျူးလွန်နေတဲ့အချိန် ဆွစ်ဇာလန်နိုင်ငံက ဂျနီဗာ မြို့မှာတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီ (UNHCR)က အစည်းအဝေး ကျင်းပနေပါတယ်။ UNHCRရဲ့ သမိုင်းကြောင်းမှာ ရှားပါးတဲ့ အခြေအနေ တစ်ရပ်အဖြစ် တစ်လ ကြာမြင့်မယ့် အဲဒီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် အဖွဲ့ကို တက်ရောက်ခွင့် ပိတ်ပင်ထားလိုက်ပါတယ်။
တကယ်တော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အတော်လေး အဆီအငေါ် မတည့်တဲ့ အခြေအနေ တစ်ခုတော့ ရှိနေပါတယ်။ UNHCRရဲ့ မြန်မာနိုင်ငံဆိုင်ရာ အရာရှိဖြစ်သူ တွမ်အန်ဒရူးစ် ကိုယ်တိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ လမ်းပေါ်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ အရပ်သား ပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေထဲထိ ဝင်ရောက် သတ်ဖြတ်တာ၊ ဖမ်းဆီးထားသူတွေကို သတ်ပစ်တာ၊ အကျဉ်းချထားသူတွေကို ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်တာတွေ ကျူးလွန်နေကြောင်း အစီရင်ခံထား တင်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီလို ဆိုးယုတ်လှတဲ့ စစ်ခေါင်းဆောင်တွေကို တိုက်ရိုက်ကျကျ စိန်ခေါ်နေပြီး ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ရွေးကောက် တင်မြှောက် ခံထားရတဲ့ လွှတ်တော် အမတ်တွေ စုဖွဲ့ထားတဲ့၊ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ ကြိုးစားနေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကိုပါ UNHCRက အစည်းအဝေး တက်ရောက်ခွင့် တားဆီးထားပါတယ်။
ကုလသမဂ္ဂရဲ့ စိတ်ပျက်စရာ၊ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက် အများစုလိုပဲ ဒီကိစ္စကလည်း လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံရေး ရောထွေးတဲ့ ဖိအားတွေကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA)ဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ဘယ်အစုအဖွဲ့ကို ကိုယ်စားပြုခွင့် ပေးသင့်သလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြမ်းဖက် လုပ်ငန်းစဉ်တွေကို ရက်ရက်စက်စက် ကျူးလွန်နေသူတွေအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်တွေ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အာဏာသိမ်း မြန်မာစစ်တပ်လား၊ ဒါမှမဟုတ် ၂၀၂၀ ရွေးကောက်ပွဲမှာ ရလဒ် ပြတ်ပြတ်သားသားနဲ့ အနိုင်ရခဲ့တဲ့ လွှတ်တော် အမတ် အများစု ပါဝင်တဲ့ NUG အစိုးရလား ဆိုတာကို UNGAက ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးကလည်း UNGAရဲ့ ၇၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး တက်ရောက်ခွင့် ရသင့်ကြောင်း အသီးသီး အဆိုပြုခဲ့ကြပါတယ်။
မေလထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့လည်း ကုလသမဂ္ဂမှာ နေရာတစ်ခု ရသင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဆီ စာရေးသား တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ UNGAဆီ ရောက်မလာခင် ကတည်းက ပယ်ချ ခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း တရုတ်နဲ့ ရုရှားတို့က ဘယ်အစိုးရ အဖွဲ့က မြန်မာကို ကိုယ်စားပြုခွင့် ရမလဲ ဆိုတာကို ပီပီပြင်ပြင် ဆုံးဖြတ်လို့ မရအောင် ဖိအားပေးလာတယ်။ နောက်ဆုံးတော့ UNGAရဲ့ လုပ်ထုံးလုပ်နည်းတွေအရ NUGက ခန့်အပ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ လက်ရှိ မြန်မာနိုင်ငံ ကိုယ်စားပြု ရာထူးမှာ ဆက်လက် ခန့်ထားလိုက်ပါတယ်။

Public Service Announcement
ရှင်းအောင် ပြောရရင်တော့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး အနေနဲ့ ဆက်လက် ထားရှိတာဟာ UNGAက NUGကို မြန်မာနိုင်ငံ ကိုယ်စားပြု အစိုးရ အဖွဲ့အဖြစ် ပိုမို လိုလားတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ UNHRCရဲ့ လုပ်ငန်းစဉ်တွေကို ကြီးကြပ်နေပြီး ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ လေးဦးနဲ့ ကမ္ဘာ့ ဇုန်နယ်မြေကြီး ၅ ခုက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဗျူရိုကတော့ မြန်မာနိုင်ငံကို UNHRC အစည်းအဝေး တက်ရောက်ခွင့်ကနေ ပိတ်ပင် တားဆီးထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ နယူးယောက်မှာ ရှိနေတဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘယ်အစုအဖွဲ့ကို အသိအမှတ် ပြုသလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောခဲ့တာကြောင့်လို့ UNHRCဖက်က အကြောင်းပြပါတယ်။
UNGAရဲ့ အရင် ပြဋ္ဌာန်းချက်တွေမှာတော့ နိုင်ငံတစ်ခုကို ကိုယ်စားပြုမှုနဲ့ ပတ်သက်လို့ အငြင်းအခုံ ဖြစ်လာရင် UNGAရဲ့ ရွေးချယ်မှုအတိုင်း ကုလသမဂ္ဂ လက်အောက်ခံ တခြားဌာနတွေကလည်း လိုက်နာ ကျင့်သုံးသင့်တယ်လို့ ဖော်ပြထားပါတယ်။ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်အဖြစ် ဆက်လက် ခန့်အပ်ထားခြင်းက UNGAရဲ့ သဘောထားကို ရှင်းလင်း ပြတ်သားအောင် ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လတုန်းက UNGAရဲ့ ထုတ်ပြန်ချက် အရလည်း စစ်တပ် အပါအဝင် မြန်မာနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ ပြည်သူလူထုက လွတ်လပ် မှန်ကန်စွာ ရွေးချယ်ထားတဲ့ ပြည်သူလူထုရဲ့ သဘောထား အမှန်ကို လေးစား လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီရွေးကောက်ပွဲမှာ လူထု ဆန္ဒနဲ့အညီ တင်မြှောက် ခံရတဲ့ ပုဂ္ဂိုလ်တွေကို NUGက ကိုယ်စားပြုပါတယ်။ UNHRC ဆိုတာက UNGAရဲ့ လက်အောက်ခံ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း UNHRC အနေနဲ့ NUGက တာဝန်ပေးထားတဲ့ ဦးကျော်မိုးထွန်းကိုဖြစ်စေ၊ တခြား အသစ်ခန့်အပ်တဲ့ ကိုယ်စားလှယ် တစ်ဦးဦးကိုဖြစ်စေ အစည်းအဝေး တက်ခွင့် ပြုသင့်ပါတယ်။
ဒီကိစ္စကို အဆောတလျင် မဆောင်ရွက်နိုင်ဘူးဆိုရင် နိုင်ငံတစ်ခုမှာ နိုင့်ထက်စီးနင်း ပြုမူမှုတွေနဲ့ ပတ်သက်လို့ သတ်မှတ် ကာလအလိုက် မှတ်တမ်းတင်ထားတဲ့ Universal Periodic Reviewကနေ လွတ်ထွက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံက ဆိုးရွားနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ထိန်းညှိပေးမယ့် နောက်ထပ် ယန္တရား တစ်ခုပါ ရပ်တန့်သွားမယ့် သဘောပါပဲ။ လက်ရှိ မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား မဆောင်ရွက်နိုင်တဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက UNHRC တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဖေဖော်ဝါရီ လတုန်းကလည်း ကုလသမဂ္ဂရဲ့ အခြေခံ အကျဆုံး တရားရေး ဌာနအဖြစ် သတ်မှတ်ရမယ့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကလည်း လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ကိစ္စတွေအတွက် ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုအပေါ် ခုခံ ဖြေရှင်းဖို့ တရားဝင် အစိုးရ မဟုတ်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို ဘာကြောင့် ခွင့်ပြုခဲ့သလဲ ဆိုတာကို ခြေခြေမြစ်မြစ် ရှင်းမပြနိုင်ပါဘူး။
NUGကလည်း သူတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ICJမှာ တက်ရောက် လျှောက်လဲခွင့် ရသင့်ကြောင်း အဆိုပြုထားလျက်နဲ့ အခုလိုမျိုး စစ်ကောင်စီ ကိုယ်စားလှယ်တွေကို လက်ခံလိုက်တဲ့ ကိစ္စက တာဝန်မဲ့လွန်းတယ်လို့ အတော်ကြီး ဝေဖန်ပြစ်တင် ခံခဲ့ရပါတယ်။ ဒီတော့ အဲဒီလို ဇာတ်ရှုပ်တွေကို ဆန်းစစ်ကြည့်ပြီး ဘာတွေ သိလာရသလဲ။
ပထမ အချက်ကတော့ UNHRCရဲ့ ဗျူရိုမှာ NUGကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ပေးဖို့ ပိုပြီး ကျယ်ပြန့်တဲ့ ထောက်ခံမှုတွေ လိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ရှိနိုင်ပေမယ့် ရှေ့ဆက် လုပ်ဆောင်နေမယ့် သဘောတော့ တွေ့ရပါတယ်။
ဒီလို ဆုံးဖြတ်ချက်မျိုးကို UNHRCက ချမှတ်ပြလိုက်ပြီ ဆိုရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သိပ်ကို အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ကုလသမဂ္ဂ လက်အောက်ခံ တခြား အဖွဲ့အစည်းတွေ အတွက်လည်း မဖြစ်မနေ မှီငြမ်း နည်းယူကြရပါမယ်။
ဒုတိယ အချက်ကတော့ ကုလသမဂ္ဂ အကြီးအကဲဖြစ်တဲ့ အန်တိုနီယို ဂူတာရက်စ် ကိုယ်တိုင်က ဒီလိုမျိုး မတည်မငြိမ် ဖြစ်နေတဲ့ စနစ်တွေကို သူ့ရဲ့ လုပ်ပိုင်ခွင့် သေချာသုံးပြီး ရှင်းထုတ်ရပါလိမ့်မယ်။ နောက်ဆုံး အချက်အနေနဲ့ UNGAဟာ မြန်မာနိုင်ငံကို ဘယ်အစိုးရက ကိုယ်စားပြုသင့်သလဲ ဆိုတဲ့အပေါ် ရှင်းရှင်းလင်းလင်း သဘောထား ပြသဖို့ အဆိုတစ်ရပ် တင်သွင်း ဆုံးဖြတ်သင့်နေပါပြီ။
UNGAဟာ မြန်မာနဲ့ ပုံစံတူ အခြေအနေမျိုးကို အတိတ်က ကြုံတွေ့ဖူးပြီး အားကောင်းတဲ့ ရပ်တည်မှုမျိုး ပြသခဲ့သလို လက်ရှိမှာလည်း အလားတူ ရပ်တည်မှုမျိုး လိုအပ်နေပါပြီ။ ၁၉၉၁ ခုနှစ်တုန်းက ဟေတီမှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့နောက် UNGAက အာဏာသိမ်းမှု နောက်ဆက်တွဲ အစိုးရ အုပ်ချုပ်မှု မှန်သမျှကို လက်မခံကြောင်း ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ တရားဝင် အစိုးရဆီ ချက်ချင်း အာဏာပြန်လည် အပ်နှင်းဖို့လည်း တောင်းဆိုခဲ့တယ်။
၂၀၀၉ ခုနှစ်တုန်းက ဟွန်းဒူးရပ်စ်မှာ အာဏာသိမ်းမှု ဖြစ်တော့လည်း UNGAက ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ တင်မြှောက် ခံထားရတဲ့ သမ္မတကလွဲလို့ ဘယ်အစိုးရကိုမှ အသိအမှတ် မပြုဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလို အခြေခံကျကျ ခိုင်မာတဲ့ ဆုံးဖြတ် ရပ်တည်မှုမျိုးကို ဒီနေ့မှာလည်း မြန်မာပြည်သူတွေက ကုလသမဂ္ဂဆီကနေ မျှော်လင့်နေကြပါတယ်။
UNHRCဟာ သူတို့ရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပုဂ္ဂိုလ်ရဲ့ နေရာကို လစ်လပ်ထားစေဖို့ ဆုံးဖြတ်ခဲ့တာကို ပြန်ရုပ်သိမ်းဖို့ လိုပါတယ်။ အဖွဲ့အစည်း အနေနဲ့ ကိုယ်လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ မစ်ရှင်တွေ၊ ကုလသမဂ္ဂရဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေကို လေးစားကြောင်း ပြသဖို့နဲ့ ဒုက္ခကြုံနေတဲ့ မြန်မာပြည်သူတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ဒါဟာ အကောင်းဆုံး အခွင့်အလမ်း တစ်ခုပါပဲ။
(Jakarta Post သတင်းဌာန၏ Myanmar’s democrats must be allowed to attend the UN Human Rights Council အတွေးအမြင် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
