ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာ နာဇီဗိုမာနဲ့ အသက် ၁၇ နှစ်အရွယ် ရိုဇီဗိုမာတို့ ချွန်ဘူရီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားတဲ့ လူပျောက်မှုဟာ အခုသီတင်းပတ်ကုန်မှာတော့ လူသတ်မှုအဖြစ် အတည်ပြု ပေါ်ထွက်လာပါတယ်။ သူတို့ကို သတ်ဖြတ်ပြီး မြေမြှုပ် အလောင်းဖျောက်ခဲ့သူ အသက် ၄၃ နှစ်အရွယ် သာနာ ကတ်သောင်နဲ့ အသက် ၃၉ နှစ်အရွယ် သောင်ချိုင် ဆရီနေလ်တို့ နှစ်ဦးကိုလည်း ထိုင်းရဲတွေက ဖမ်းမိခဲ့ပါတယ်။
သံသယ တရားခံတွေရဲ့ ထွက်ဆိုချက်အရ အလောင်းတွေ မြှုပ်ထားတဲ့ နေရာကို သွားရောက် တူးဖော် စစ်ဆေးတဲ့အခါ မလှမ်းမကမ်းမှာ နောက်ထပ် အလောင်း ၃ ခုကို တူးဖော် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စဟာ ကွင်းဆက် လူသတ်မှု ဖြစ်လာပါတယ်။ တခြား ၃ ဦးကလည်း ပျောက်ဆုံးနေတဲ့ ထိုင်းမိသားစု တစ်ခုဖြစ်ပြီး သေဆုံးသူ ၅ ဦးလုံးကို သတ်ဖြတ်တဲ့ အဓိက သံသယ တရားခံဟာ သာနာလို့ ယူဆရပြီး သောင်ချိုင်ကတော့ ရုရှားမောင်နှမ အသတ်ခံရမှုမှာ အလောင်းကူဖျောက်ပေးတဲ့ ကြံရာပါလို့ ရဲတွေက ယုံကြည်နေပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက် စစ်ဆေးနေဆဲပါ။
ရုရှားမောင်နှမရဲ့ လူပျောက်မှု စဖြစ်ကတည်းက အဲဒီကိစ္စကို ထိုင်းတစ်နိုင်ငံလုံးက စိတ်ဝင်တစား သတင်းနားစွင့်နေခဲ့ပြီး ကွင်းဆက် လူသတ်မှုအဖြစ် ထွက်ပေါ်လာတဲ့ အခါမှာတော့ လူထုရဲ့ အာရုံစိုက်မှုက အမြင့်ဆုံး ဖြစ်လာပါတယ်။ ဩဂုတ် ၁ ရက်နေ့မှာတော့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ ရုပ်အလောင်းတွေ ရှာတွေ့တဲ့ နေရာဆီ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပြီး လူသတ်မှုတွေနဲ့ ပတ်သက်လို့ တိတိကျကျနဲ့ ပွင့်လင်းမြင်သာမှု အရှိဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ ရဲတွေနဲ့ အစိုးရ ရှေ့နေတွေကို တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
အဲဒီ လူသတ်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်သရေကို ညစ်နွမ်းစေပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုကို ကျဆင်းစေတယ်လို့လည်း ဝန်ကြီးချုပ်က ဝေဖန် ပြောကြားခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘေးကင်းပျော်ရွှင်တဲ့ နေရာတစ်ခုအဖြစ် ထိုင်းနိုင်ငံကို နှစ်ရှည်လများ ကြိုးစား ဖန်တီးခဲ့တဲ့ ပုံရိပ်ကိုပါ ပျက်စီးစေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
လူနှစ်ယောက်က ကျူးလွန်တဲ့ မှုခင်းဟာ ထိုင်းတစ်နိုင်ငံလုံးရဲ့ ပြည်သူ့လုံခြုံမှု အဆင့်အတန်းကိုတော့ မထင်ဟပ်စေဘူးလို့ အနူတင်က ပြောပါတယ်။ သူက ရုရှားမောင်နှမ အပါအဝင် သေဆုံးသူတွေရဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ရုပ်အလောင်းတွေ သယ်ယူပေးတာ အပါအဝင် လိုအပ်တဲ့ ကိစ္စမှန်သမျှကို နစ်နာသူ မိသားစုတွေအတွက် အစွမ်းကုန် ကူညီပေးဖို့လည်း အနူတင်က အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
သူဘာကြောင့် ချွန်ဘူရီအထိ ရောက်လာသလဲဆိုရင် လုပ်သင့်တာတွေကို ကြန့်ကြာမှု မရှိဘဲ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်စေဖို့ ဖြစ်ကြောင်း၊ အဲဒီထဲမှာ စုံစမ်းစစ်ဆေးမှု ကိစ္စတွေရော၊ ကွယ်လွန်သူတွေကို မိခင်နိုင်ငံ ပြန်သယ်ဖို့ ဆိုတာတွေပါ အလုံးစုံ ပါဝင်ကြောင်း အနူတင်က ဆိုပါတယ်။
ဖြစ်ပျက်ခဲ့တာတွေအတွက် ထိုင်းတစ်နိုင်ငံလုံးက ဘယ်လောက်တောင် ဝမ်းနည်း ကြေကွဲနေသလဲ ဆိုတာကို ပြသဖို့ လိုကြောင်း၊ နစ်နာသူ မိသားစုအတွက် ဖြစ်နိုင်သမျှ အကူအညီအားလုံး ပေးအပ်ပြီး ထိုင်းနိုင်ငံအပေါ် ယုံကြည်စိတ်ချမှုကို ပြန်လည် ဆောင်ယူဖို့ လိုကြောင်း၊ ဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ဘယ်တော့မှ ထပ်မကြုံတော့တာ သေချာစေဖို့ လိုအပ်ကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: Bangkok Post

















































