ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
စစ်သွေးကြွ တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြ လှုပ်ရှားမှု တစ်ခုကို အသေခံ ဗုံးသမား တစ်ဦးက တိုက်ခိုက်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဩဂုတ် ၂ ရက်နေ့က ခိုင်ဘာ ပက်တွန်ခွာပြည်နယ်၊ ဆွက်တောင်ကြား ဒေသမှာရှိတဲ့ ကာဘယ်လ်မြို့က ရဲစခန်း တစ်ခုနားမှာ ဒေသခံတွေ စုဝေးပြီး စစ်သွေးကြွ အဖွဲ့အစည်းတွေကို ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့ ကြွေးကြော်မှုတွေ အော်ဟစ်နေချိန် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူတွေထဲမှာ အရပ်သားတွေရော၊ ရဲတွေပါ ပါဝင်ခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ အိုမာခန်းက ပြောပါတယ်။ ပေါက်ကွဲမှု မတိုင်ခင် ဆန္ဒပြပွဲကို ဦးဆောင်သူတွေက လူထုရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ စစ်သွေးကြွ လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ ဆိုတာဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ဟောပြောနေခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။
ပါကစ္စတန် အစိုးရ အာဏာပိုင်တွေဟာ လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့အစည်းတွေကို ဖြိုခွင်းဖို့ ခိုင်မာပြတ်သားတဲ့ စွမ်းဆောင်မှုမျိုး မပြသနိုင်ဘူးလို့လည်း ဆန္ဒပြသူတွေက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ဆွက်တောင်ကြား ဒေသဟာ ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲ အဓိက အခြေပြု လှုပ်ရှားတဲ့ နယ်မြေဖြစ်သလို တခြားစစ်သွေးကြွ အဖွဲ့တချို့လည်း ရှိနေပါတယ်။

Public Service Announcement
ခန်းကတော့ သေဆုံးသူတွေဟာ အရပ်သား ၉ ဦးနဲ့ ရဲ ၅ ဦးဖြစ်ကြောင်း ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အခြေအနေ စိုးရိမ်ရသူတွေ ပါဝင်နေတာကြောင့် သေဆုံးစာရင်း ထပ်တိုးလာနိုင်ကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီ ဇာဒါရီနဲ့ ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်တို့က အခုဗုံးခွဲမှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ထိခိုက်ခံစားရသူတွေ အားလုံးနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတရော၊ ဝန်ကြီးချုပ်ကပါ ပါကစ္စတန် အစိုးရဟာ အကြမ်းဖက် ဝါဒကို အဆုံးစွန်ထိ သုတ်သင်ချေမှုန်းနိုင်အောင် ဆက်ပြီး အားထုတ် ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲ ဆိုတာကို အခုထိ မသိရသေးသလို ဘယ်သူကမှလည်း တာဝန်ရှိကြောင်း မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ပါကစ္စတန် တာလီဘန်တွေရဲ့ လက်ချက်လို့ စစ်ဆေးရေး အရာရှိတွေက ယူဆနေပါတယ်။
၂၀၀၇ ခုနှစ်မှာ ပါကစ္စတန် အစိုးရဟာ ဆွက်တောင်ကြား ဒေသမှာ အကြီးစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး စစ်သွေးကြွတွေကို အောင်အောင်မြင်မြင် တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့ပြီး အစိုးရ အာဏာစက်ကို ပြန်လည် တည်တံ့စေခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ ဆွက်တောင်ကြားမှာ ပြန်လည် ခြေကုပ်ယူလာပြီး အဲဒီ အခြေအနေက ဒေသခံတွေကြား စိုးရိမ်မှုတွေကို မြင့်တက်လာစေပါတယ်။ ဒါကြောင့်လည်း စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အစိုးရရဲ့ ထိရောက်တဲ့ ကိုင်တွယ်မှုကို ပြည်သူတွေက အခါအားလျော်စွာ တောင်းဆိုလေ့ ရှိတယ်လို့ သိရပါတယ်။
ကိုးကား: CNN


















































