Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟေတီမှာ ငလျင်လှုပ်လို့ လူ ၃၀၀ ကျော် သေဆုံး

အရင်ကလည်း ငလျင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံဆိုးကြီးတစ်ခု ရှိခဲ့ဖူးပါတယ်။

ဖျက်ဆီးအား ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားတာကြောင့် ဟေတီနိုင်ငံမှာ လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၄ ရက်က မြို့တော် ပို့တ်အူပရင့်စ် အနောက်ပိုင်း ကုန်းတွင်းပိုင်းကို ဗဟိုပြု လှုပ်ခတ်သွားတဲ့ ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူ ၃၀၄ ဦးထက်မနည်း ရှိခဲ့ပြီး ၁၈၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ကြေညာထားပါတယ်။ ဒါပေမဲ့ အပျက်အစီးတွေအောက်မှာ အလောင်းတွေ ရှိနေနိုင်ပြီး အသေအပျောက် ဦးရေ မြင့်တက်လာနိုင်ပါတယ်။

ကျွန်းနိုင်ငံလေး ဟေတီဟာ ကမ္ဘာ့အနောက်ခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ် ခံထားရပြီး အရင်ကလည်း ငလျင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံဆိုးကြီးတစ်ခု ရှိခဲ့ဖူးပါတယ်။ ၂၀၁၀ ပြည့်နှစ်က ဟေတီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၂ သိန်းလောက် အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

အခုသီတင်းပတ်ကုန် ငလျင်ကြောင့် လူနေအိမ်တွေ၊ ဟိုတယ်တွေ၊ ဘုရားကျောင်းတွေ၊ စက်ရုံ အလုပ်ရုံတွေ အများကြီး ပြိုကျ ပျက်စီးကုန်ပါတယ်။ ငလျင်အပြီး ထိခိုက်မှု အတိုင်းအတာကို လတ်တလော တိတိကျကျ တွက်ဆလို့ မရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဟေတီ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီက တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ တစ်လ ထုတ်ပြန်ကြောင်း ကြေညာခဲ့ပါတယ်။ ငလျင် ဗဟိုချက်နဲ့ ၁၂၅ ကီလိုမီတာ ဝေးပြီး လူနေသိပ်သည်းတဲ့ ပို့တ်အူပရင့်စ်မှာ ငလျင်ရဲ့ လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် သက်ရောက် ခံစားခဲ့ကြရပါတယ်။ ဒီငလျင်ဟာ စိန့်လူးဝစ်ဒူဆွတ်ဒ်ဆိုတဲ့ မြို့လေးကို ဗဟိုပြု လှုပ်ခတ်သွားတာပါ။ အဲဒီမြို့ဟာ အပျက်အစီး အဆုံးအရှုံး အများဆုံး ဧရိယာလည်း ဖြစ်လာပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က USAIDရဲ့ အစီအစဉ်တွေနဲ့ ဟေတီကို အမြန်ဆုံး ကူညီ ထောက်ပံ့သွားမယ်လို့ ကြေညာပါတယ်။ ဟေတီက ငလျင်ကြီးအပြီး ဒေသတွင်းမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေပြီး အပြင်းဆုံး တစ်ခုက ရစ်ချ်တာစကေး ၅.၁ အဆင့်ထိ ရှိခဲ့တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

ဟေတီဟာ ၂၀၁၀ ပြည့်နှစ် ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ ရုန်းထဖို့ ကြိုးစားနေရဆဲ ကာလမျိုးမှာ အခုလို နောက်ထပ်တစ်ကြိမ် ငလျင်ဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။