အာဖဂန် နစ္စတန် အစိုးရအဖြစ် တာဝန်ယူထားတဲ့ တာလီဘန် ခေါင်းဆောင်ပိုင်းတွေကြားမှာ အကြီးအကျယ် အကွဲအပြဲ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
တာလီဘန်တွေ ဦးဆောင်ပြီး အသစ်ဖွဲ့စည်းထားတဲ့ ယာယီ အစိုးရနဲ့ တာလီဘန်အဖွဲ့ ပူးတွဲ ထူထောင်ခဲ့သူ မူလာ အက်ဘ်ဒူလ် ဂါနီ ဘာရာဒါတို့ကြား အခြေအတင် အငြင်းပွားမှုတွေ ရှိခဲ့ကြောင်း တာလီဘန် အရာရှိတွေက အတည်ပြုခဲ့ပါတယ်။ ပြဿနာတွေ ဖြစ်ပွားပြီးတဲ့နောက် ဘာရာဒါဟာ ကဘူးလ် မြို့တော်ကနေ ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
တာလီဘန် စစ်သွေးကြွတွေဟာ အမေရိကန် အထောက်အပံ့ ပေးထားတဲ့ အာဖဂန် အစိုးရကို နှစ်ပေါင်း ၂၀ ကြာ စစ်ခင်း တိုက်ခိုက်ခဲ့တဲ့နောက် ပြီးခဲ့တဲ့လမှာ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားတဲ့အခါ အာဖဂန် တစ်နိုင်ငံလုံးကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
ဘာရာဒါဟာ လူမြင်ကွင်းကနေ ရက်အတန်ကြာ ပျောက်ကွယ်နေခဲ့ချိန် ကတည်းက တာလီဘန် ခေါင်းဆောင်ပိုင်းမှာ ပြဿနာတွေ ရှိနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ သတင်းတွေကို တာလီဘန်တွေက ငြင်းဆိုခဲ့ပါတယ်။

Public Service Announcement
တာလီဘန် အရာရှိ တစ်ဦးက ဘာရာဒါဟာ ယာယီ အစိုးရ အဖွဲ့သစ်ရဲ့ ဒုက္ခသည်ရေးရာ ဝန်ကြီး ခါလီလ် အာရာမန် ဟက္ကာနီနဲ့ သမ္မတ နန်းတော်ထဲမှာ အကြီးအကျယ် စကားများခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နှစ်ဖက် အားပေး ထောက်ခံသူတွေပါ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဟက္ကာနီဟာ ကိုယ်ပိုင် လက်နက်ကိုင် စစ်သွေးကြွ အင်အားစုဖြစ်တဲ့ ဟက္ကာနီ ကွန်ရက်မှာ ထင်ရှားတဲ့ ခေါင်းဆောင် တစ်ဦးပါ။
လတ်တလောမှာတော့ ဘာရာဒါဟာ ကဘူးလ်ကို စွန့်ခွာပြီး ကန်ဒါဟာမြို့ဆီ ဦးတည် ထွက်ခွာသွားကြောင်း သိရပါတယ်။ တာလီဘန် ခေါင်းဆောင်ပိုင်းမှာ လူသိရှင်ကြား အကွဲအပြဲ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ အလားအလာတွေက ဘယ်လိုဘယ်ပုံ ဖြစ်လာမလဲ ဆိုတာကိုတော့ ခန့်မှန်းဖို့ မလွယ်သေးပါဘူး။
ဘာရာဒါဟာ အမေရိကန် သမ္မတ တစ်ဦးနဲ့ ပထမဆုံး အဆက်အသွယ် လုပ်ခဲ့တဲ့ တာလီဘန် ခေါင်းဆောင်အဖြစ် မှတ်တမ်း ဝင်ထားသူပါ။ သူဟာ ၂၀၂၀ ပြည့်နှစ်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဖုန်းတိုက်ရိုက် ပြောဆို ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ အမေရိကန် တပ်တွေ အာဖဂန်ကနေ ရုပ်သိမ်းရေးဆိုင်ရာ သဘောတူညီမှုအတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ပြီး တာလီဘန်တွေ ကိုယ်စား လက်မှတ် ရေးထိုးခဲ့ပါတယ်။
တစ်ဖက်မှာတော့ တာလီဘန်တွေရဲ့ မဟာမိတ် ဟက္ကာနီ ကွန်ရက်ဟာ အနောက်အုပ်စု နိုင်ငံတွေအပေါ် ရန်လို တင်းမာတဲ့ သဘောထားမျိုး ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီအဖွဲ့ဟာ အာဖဂန် စစ်တပ်နဲ့ အနောက်အုပ်စု မဟာမိတ် တပ်တွေအပေါ် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပြီး အမေရိကန် အစိုးရက ဟက္ကာနီ ကွန်ရက်ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ အဖွဲ့ခေါင်းဆောင် ဆီရာဂျူဟ်ဒင် ဟက္ကာနီဟာ တာလီဘန်တွေ ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ်မှာ ပြည်ထဲရေးဝန်ကြီး ရာထူးကို ရယူထားကြောင်းလည်း သိရပါတယ်။





















































