အာဖဂန် နစ္စတန် နိုင်ငံက ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၅၀ လောက် သေဆုံးသွားကြောင်း သိရပါတယ်။
ဒါဟာ အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီး တာလီဘန် အစိုးရ အုပ်ချုပ်မှု စတင်တဲ့နောက်ပိုင်း အသေအပျောက် အများဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာပါတယ်။ ကွန်ဒုဇ် မြို့ထဲက ဆာ့ဒ်အာဘက်ဒ် ဗလီနဲ့ အနီးတဝိုက်မှာ သွေးအလူးလူးနဲ့ အလောင်းတွေ ပြန့်ကြဲနေတာကို တွေ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။
အဲဒီဗလီဟာ လူနည်းစု ရှီးဟိုက် မွတ်ဆလင်တွေ ဝတ်ပြုလေ့ရှိတဲ့ နေရာပါ။ လက်ရှိ အချိန်ထိ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော်သေပြီး ဒဏ်ရာရသူ ၁၀၀ ကျော် စာရင်းရထားပါတယ်။ ဒီတိုက်ခိုက်မှုကို တာလီဘန်တွေရဲ့ ပြိုင်ဘက်လည်းဖြစ်၊ အစွန်းရောက် ဆွန်နီမွတ်ဆလင် စစ်သွေးကြွ အဖွဲ့ တစ်ခုလည်းဖြစ်တဲ့ အိုင်အက်စ်ကေက ကျူးလွန်ခဲ့တာပါ။ အိုင်အက်စ်ကေဟာ အာဖရိက မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ အင်အားကြီးထွားခဲ့ဖူးတဲ့ အိုင်အက်စ် အဖွဲ့ကြီးရဲ့ အာဖဂန်ဆိုင်ရာ အဖွဲ့ခွဲလည်း ဖြစ်ပါတယ်။
အိုင်အက်စ်ကေဟာ အာဖဂန်မှာ တာလီဘန်တွေကိုရော၊ လူနည်းစု ရှီးဟိုက် မွတ်ဆလင်တွေကိုပါ ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ဖူးပါတယ်။ အခုဖြစ်စဉ်မှာတော့ အိုင်အက်စ်ကေရဲ့ အသေခံ ဗုံးသမား တစ်ဦးက ဗလီမှာ ဝတ်လာပြုသူတွေထဲ ရောနှောလိုက်ပါလာပြီး စနက်တံဖြုတ် ဖောက်ခွဲလိုက်တာလို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်ကေ အဖွဲ့ကလည်း အတည်ပြုထားပါတယ်။

Public Service Announcement
အောက်တိုဘာ ၈ ရက် ပေါက်ကွဲမှုအပြီး အနီးတဝိုက်က ဆေးရုံတွေမှာ လူနာတွေ ပြည့်လျှံသွားခဲ့ပါတယ်။ ဒဏ်ရာ ပြင်းထန်လွန်းသူတွေလည်း ပါဝင်နေတဲ့အတွက် အသေအပျောက် အခြေအနေက ပိုဆိုးလာဖွယ် ရှိနေတယ်လို့လည်း ဆရာဝန်တွေက ဝန်ခံထားကြပါတယ်။
ကုလသမဂ္ဂ အဖွဲ့ကြီးက ကွန်ဒုဇ်မြို့၊ ဗုံးခွဲမှုဟာ အာဖဂန်မှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ တစ်ပတ်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို လုပ်ရပ်မျိုးဟာ စက်ဆုပ်စရာ ကောင်းလွန်းတယ်လို့လည်း ကုလသမဂ္ဂက ရှုတ်ချခဲ့ပါတယ်။
အိုင်အက်စ်ကေဟာ ဩဂုတ်လတုန်းကလည်း ကဘူးလ်မြို့၊ နိုင်ငံတကာ လေဆိပ်မှာ အသေအပျောက် အများကြီး ဖြစ်ပေါ်စေတဲ့ ဗုံးခွဲမှုကို စီစဉ် ကျူးလွန်ခဲ့ဖူးပါတယ်။ အာဖဂန်မှာ တာလီဘန်တွေ အုပ်စိုးသွားတဲ့နောက် အိုင်အက်စ်ကေက တာလီဘန်တွေအပေါ် ထိုးစစ်ဆင်မှုတွေလည်း အရှိန်မြှင့်တင်လာနေကြောင်း သိရပါတယ်။


















































