Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကယ်လီဖိုးနီးယားက ဗလီတစ်ခုမှာ အမုန်းတရား အခြေခံတယ်လို့ ယူဆရတဲ့ ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့က ဆယ်ကျော်သက် လူငယ် ၂ ဦးဟာ ဆန်ဒီယေဂိုမှာရှိတဲ့ ဗလီတစ်ခုမှာ လူ ၃ ဦးကို ပစ်သတ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ပြီးတော့ ကျူးလွန်သူတွေကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာကြောင့် သေဆုံးစာရင်းက စုစုပေါင်း ၅ ဦးထိ ဖြစ်လာခဲ့ပါတယ်။

ဆန်ဒီယေဂို ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သေကြောင်းကြံစည်မယ်လို့ ယုံကြည်ရပြီး အိမ်က ထွက်ပြေးသွားတဲ့ လူငယ်တစ်ဦးအကြောင်း ဖုန်းဆက် တိုင်ကြားမှု တစ်ခုကြောင့် စုံစမ်းမှုတွေ ပြုလုပ်နေတုန်းမှာ ပစ်ခတ်မှု သတင်းကို ရရှိခဲ့တာလို့ သိရပါတယ်။

ရဲတွေက သတင်းအရ ဗလီဆီ အဆောတလျင် သွားရောက်ခဲ့ချိန်မှာတော့ အဆောက်အအုံရှေ့မှာ သေဆုံးနေသူ ၃ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဗလီနားက ကားတစ်စီးထဲမှာ သေနတ်သံတွေ ကြားရကြောင်း ဖုန်းဆက် တိုင်ကြားမှု တစ်ခုကို ထပ်မံရရှိတာကြောင့် သွားရောက် စစ်ဆေးခဲ့တဲ့အခါ သံသယရှိသူ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ် လူငယ်တွေကို သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သူ ၃ ဦးထဲမှာ ဗလီရဲ့ လုံခြုံရေး ဝန်ထမ်းတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း၊ သူဟာ အခြေအနေတွေ ပိုဆိုးမသွားအောင် အနစ်နာခံ တားဆီးခဲ့ကြောင်း၊ သူ့ရဲ့ ရဲရင့်တဲ့ ကြားဝင်ဟန့်တားမှုသာ မရှိခဲ့ရင် ဖြစ်စဉ်က ဒီထက်အများကြီး ဆိုးရွားသွားနိုင်ကြောင်း ရဲတွေက ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ တုံ့ပြန်မှုဟာ သူရဲကောင်း ပီသလွန်းတယ်လို့ အသိအမှတ် ပြုရမှာဖြစ်ကြောင်း ဆန်ဒီယေဂို ရဲတပ်ဖွဲ့ အကြီးအကဲ စကော့ဝှားလ်က ချီးကျူးခဲ့ပါတယ်။

သေဆုံးသူတွေ ဘယ်သူလဲဆိုတာ ရဲတွေက မထုတ်ပြန်သေးပေမယ့် လုံခြုံရေး ဝန်ထမ်းကတော့ အမင် အက်ဘ်ဒူလာ ဆိုသူဖြစ်ပြီး ကလေး ၈ ဦးရဲ့ ဖခင်လို့ နီးစပ်သူတွေက ပြောပါတယ်။

အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)က အခုဖြစ်စဉ်ကို မုန်းတီးမှု အခြေပြု တိုက်ခိုက်မှု တစ်ခုအနေနဲ့ သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အမုန်းစကားတွေ ရေးသားထားတဲ့ စာတစ်စောင်ကို သေဆုံးခဲ့တဲ့ လူငယ်တစ်ဦးရဲ့ မိခင်က ရှာတွေ့ခဲ့တယ်လို့ FBIက ဆိုပါတယ်။

သံသယ တရားခံ ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာမျိုး လုံးဝမရှိကြောင်း ဝှားလ်က ပြောပါတယ်။ ဗလီကို ရောက်သွားချိန်မှာလည်း သေနတ်သမားတွေ ရှိမနေခဲ့ဘူးလို့ သူက ရှင်းပြပါတယ်။ ပစ်ခတ်မှု မတိုင်ခင် ၂ နာရီလောက် အလိုမှာ လူငယ်တစ်ဦးရဲ့ မိခင်က ဖုန်းဆက်ပြီး သားဖြစ်သူဟာ သေနတ်တွေနဲ့ ကားကိုယူပြီး အိမ်က ထွက်သွားကြောင်း၊ အဖော်တစ်ဦးလည်း ပါသွားပြီး နှစ်ယောက်စလုံးက ပြောက်ကျား ယူနီဖောင်းတွေ ဝတ်ထားကြောင်း ရဲတွေဆီ ဖုန်းဆက် သတင်းပေးခဲ့ကြောင်း သိရပါတယ်။

သူ့သားရဲ့ အပြုအမူတွေဟာ မူမမှန်ဖြစ်နေကြောင်း အမျိုးသမီးက ရဲတွေဆီ ပြောပြခဲ့ပြီး ရဲတွေက အဲဒီလူငယ်ဟာ သေကြောင်းကြံတဲ့ လုပ်ရပ်မျိုး ကျူးလွန်နိုင်ခြေရှိကြောင်း ကောက်ချက်ချခဲ့ပါတယ်။ အဲဒီကိစ္စကို စုံစမ်းနေဆဲမှာပဲ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ အဲဒီလူငယ် ချန်ထားခဲ့တဲ့ မှတ်စုဖြတ်ပိုင်း တစ်ခုမှာတော့ အမုန်းတရား အခြေခံ သဘောတရားတွေ ရေးသားထားတာ တွေ့ရှိခဲ့ကြောင်း ရဲတွေက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဗလီ၊ ဒါမှမဟုတ် တခြား အဆောက်အအုံ တစ်ခုခုကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ် ဆိုတာမျိုးတော့ မှတ်စုထဲမှာ လုံးဝ ရေးမထားခဲ့ကြောင်း ဝှားလ်က ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာဟာ ဆန်ဒီယေဂိုမှာ အကြီးဆုံး ဗလီလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

Facebook