အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေကို Pfizerက ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးရာမှာ နှလုံးကြွက်သား ရောင်ရမ်းတဲ့ ပြဿနာတချို့ ရှိခဲ့ကြောင်း အမေရိကန် ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာန (CDC)က ထုတ်ပြန်ခဲ့ပါတယ်။
Pfizerက BioNTechနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အမေရိကန်နဲ့ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီး တချို့မှာ အသုံးအများဆုံး ကာကွယ်ဆေး တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အသက် ၁၂ နှစ်အထက် အရွယ် ဆယ်ကျော်သက်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေခဲ့ပြီးသားပါ။
အခုအခါ အမေရိကန်မှာ အသက် ၅ နှစ်အထက် ကလေးတွေမှာပါ ဆေးထိုးပေးခဲ့တဲ့နောက် ကလေး ၈ ဦးက နှလုံးကြွက်သား ရောင်ရမ်းမှု ဖြစ်စဉ်တစ်မျိုး ကြုံခဲ့တာလို့ CDCက ဆိုပါတယ်။ အသက်ကြီးတဲ့ အရွယ်တွေမှာလည်း ဒီကိစ္စမျိုး ရှိကောင်း ရှိနိုင်ပေမယ့် လူ ၁ သန်းလောက် ကာကွယ်ဆေး ၂ ကြိမ်ထိုးမှ နှလုံးကြွက်သား ရောင်ရမ်းတာ ကြုံရသူ ၆၉ ဦးလောက်သာ တွေ့နိုင်တယ်လို့ CDCက မှတ်ချက် ပေးဖူးပါတယ်။
ကလေးတွေမှာ ဆေးထိုးပြီး နှလုံးကြွက်သား ရောင်ရမ်းတဲ့ ကိစ္စဟာ ကာကွယ်ဆေးနဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိမရှိ ဆိုတာကို ဆက်လက် စုံစမ်းသွားမယ်လို့ CDCက ဆိုပါတယ်။ အခု ပြဿနာဟာ အသက်အန္တရာယ် စိုးရိမ်ရတာမျိုး မဟုတ်ဘဲ အပျော့စား ကိစ္စမျိုးသာ ဖြစ်တယ်လို့လည်း CDCက မှတ်ချက် ပေးထားပါတယ်။

Public Service Announcement
အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြားအရွယ် ကလေးငယ် ၅.၁ သန်းက ကာကွယ်ဆေး ၁ ကြိမ် ထိုးထားပြီး ၂ ကြိမ်အပြည့် ထိုးထားတဲ့ ဦးရေကတော့ ၂ သန်းကျော်လောက်ထိ များပြားလာပြီလို့ သိရပါတယ်။
