တောင်တရုတ် ပင်လယ်ထဲမှာ ပျက်ကျခဲ့တဲ့ နည်းပညာမြင့် ခေတ်မီ ဂျက်တိုက်လေယာဉ် ကိုယ်ထည်အပျက်ကို ဆယ်ယူ ရရှိခဲ့ပြီလို့ အမေရိကန် ရေတပ်က ကြေညာခဲ့ပါတယ်။
ဒေါ်လာ သန်း ၁၀၀ လောက် တန်ဖိုးရှိတဲ့ F-35C တိုက်လေယာဉ်ဟာ ဇန်နဝါရီလတုန်းက USS Carl Vinson လေယာဉ်တင် သင်္ဘောကြီးပေါ် အဆင်းမှာ ချွတ်ယွင်းမှုတစ်ခု ကြုံပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။ F-35Cဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် F-35တွေရဲ့ လေယာဉ်တင် သင်္ဘော အခြေစိုက် မျိုးကွဲတွေ ဖြစ်ပါတယ်။
F-35တွေဟာ နည်းပညာပိုင်းအရ ခေတ်ရှေ့အပြေးဆုံးလို့ သတ်မှတ် ခံထားရသလို ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် စွမ်းရည်လည်း ပိုင်ဆိုင်ထားပါတယ်။ F-35C ပျက်ကျခဲ့တဲ့ နေရာဟာ တရုတ်ရေတပ် လှုပ်ရှားနေတဲ့ ဧရိယာနဲ့လည်း သိပ်မဝေးတဲ့အတွက် လေယာဉ် ကိုယ်ထည်အပျက်ကို တရုတ်တွေ လက်ထဲ မရောက်အောင် အမေရိကန် ရေတပ်က အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပါတယ်။
တကယ်လို့ F-35C အပျက်အစီးတွေသာ တရုတ်ဆီ ရောက်သွားရင် အမေရိကန်ရဲ့ အဆင့်မြင့် ကိုယ်ပျောက် စစ်သုံး နည်းပညာတွေ ပေါက်ကြားသွားမယ့်သဘော ဖြစ်ပါတယ်။ ဒါကြောင့် ပင်လယ် ကြမ်းပြင်အောက်မှာ နစ်မြုပ်နေတဲ့ လေယာဉ်ပျက်ကို ပြိုင်ဘက် တရုတ်ရေတပ်က ဆယ်ယူမသွားနိုင်အောင် အမေရိကန် ရေတပ်က အသည်းအသန် အချိန်လု ရှာဖွေခဲ့ရတာပါ။
မတ်လ ၂ ရက်မှာတော့ ရေတပ်ဟာ F-35Cရဲ့ ကိုယ်ထည် အပျက်ကို အောင်အောင်မြင်မြင် ဆယ်ယူနိုင်ခဲ့ပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလေယာဉ် ပျက်ကျတုန်းက လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ လေယာဉ်တင် သင်္ဘောပေါ်မှာ ရှိနေတဲ့ အမှုထမ်း ၇ ဦးလောက်လည်း ဒဏ်ရာတွေ ရခဲ့ကြောင်း သိရပါတယ်။