Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူကောင်းပကတိတွေထက် သာတဲ့ မာရသွန် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အာဂမသန်စွမ်း အမျိုးသမီး

ခြေတစ်ဖက် မရှိတဲ့ မသန်စွမ်း အမျိုးသမီး တစ်ဦးဟာ သာမန် လူကောင်း ပကတိတွေတောင် စိတ်ကူးဖို့ ခက်ခဲတဲ့ မာရသွန် ကမ္ဘာ့စံချိန်သစ် တစ်ခုကို ပိုင်ဆိုင်လာခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် ဂျက်ကီ ဟန့် ဘရော့စ်မာဟာ နေ့တိုင်း မာရသွန် ဆက်တိုက် အပြေးနိုင်ဆုံး စံချိန်ရှင် ဖြစ်လာကြောင်း ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီစံချိန်ကို ရဖို့အတွက် ဘရော့စ်မာဟာ ဇန်နဝါရီ လလယ်ကစပြီး နေ့တိုင်း တစ်နေ့ကို ၂၆.၂ မိုင်နှုန်း ပုံမှန် ပြေးခဲ့ပါတယ်။ ဒါဟာ မာရသွန် ပြိုင်ပွဲတစ်ခုအတွက် သတ်မှတ် အကွာအဝေး ဖြစ်ပါတယ်။

ဘရော့စ်မာ အနေနဲ့ နေ့တိုင်းလိုလို ပန်းဝင်တဲ့ထိ ၅ နာရီလောက်ကြာအောင် အချိန်ယူ ပြေးလွှားခဲ့ရပါတယ်။ သူဟာ ၁၀၄ ရက်ဆက်တိုက် မာရသွန် ပြေးခဲ့တဲ့နောက် ဂင်းနစ်အဖွဲ့ရဲ့ ဂုဏ်ယူစရာ မှတ်တမ်းသစ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂင်းနစ် အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ဒီစံချိန်မျိုးကို အသိအမှတ်ပြု ခံရဖို့ အားထုတ်သူ တစ်ဦးဟာ အနည်းဆုံး ၃ လဝန်းကျင်တော့ နေ့တိုင်း မာရသွန် ပြေးနိုင်ဖို့ လိုအပ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ အရီဇိုးနား ပြည်နယ်မှာ နေထိုင်တဲ့ ဘရော့စ်မာက သူဟာ စံချိန်သစ် တင်နိုင်လို့ ဂုဏ်ယူမိတဲ့စိတ်နဲ့ နောက်ထပ် ဆက်ပြီး မာရသွန် ပြေးချင်တဲ့စိတ်တွေ ရောထွေး ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၁၀၄ ရက်ဆက်တိုက် အပြီးမှာတော့ မာရသွန် ပြေးတာကို ရပ်တန့်ဖို့ သူက ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ပါတယ်။ လောလောဆယ်တော့ ဘရော့စ်မာဟာ အလွန်အကျွံ ပင်ပန်းထားတဲ့ ခန္ဓာကိုယ်ကို အားပြန်မွေးနေဆဲပါ။

သူဟာ ၂၀၀၂ ခုနှစ်တုန်းက နယ်သာလန်မှာ ရှိနေတုန်း ဆေးစစ်ကြည့်ရာမှာ ရှားပါးတဲ့ အရိုးကင်ဆာ ရောဂါတစ်မျိုး စွဲကပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ သူ့အသက်ကို ကယ်ဆယ်ဖို့အတွက် နောက်ထပ် နှစ်ပတ် အကြာမှာပဲ သူ့ရဲ့ ဘယ်ဖက် ခြေထောက်ကို ဒူးခေါင်း အောက်ဖက်နားက ဖြတ်တောက်လိုက်ရပါတယ်။ မမျှော်လင့်ဘဲ ဒုက္ခိတဘဝ ရောက်သွားတုန်းက ဘရော့စ်မာရဲ့ အသက်ဟာ ၂၆ နှစ်သာ ရှိပါသေးတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်း ကာလတွေမှာ သူဟာ ခြေတစ်ဖက်ပြတ် ဖြစ်နေတဲ့ ဘဝကို ရှက်ရွံ့ခဲ့ပြီး ခြေတုကို ဘောင်းဘီအရှည်နဲ့ ဖုံးကွယ် သွားလာလေ့ ရှိခဲ့တယ်လို့ ဘရော့စ်မာက ပြောပြပါတယ်။ ၂၀၁၆မှာတော့ အပျော်တမ်းသဘော မာရသွန် အပြေးအားကစားကို စတင် လိုက်စားခဲ့ရာက အခြေအနေတွေ အကုန် ပြောင်းလဲလာပါတယ်။ ဘရော့စ်မာရဲ့ ခင်ပွန်းကလည်း တာဝေး အပြေးသမား တစ်ဦးဖြစ်ပြီး ဘရော့စ်မာက ပြိုင်ပွဲတွေမှာ လိုက်အားပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် မာရသွန် အပြေးမယ် ဖြစ်လာဖို့တော့ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ဘူးလို့ အမျိုးသမီးက ဝန်ခံပါတယ်။

နောက်တော့ အပြေးသမားတွေအတွက် အထူးစီမံ ထုတ်လုပ်ထားတဲ့ ခြေတုကို ဝယ်ယူခဲ့ပြီး ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ စတင် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် မာရသွန် တာဝက်၊ တင်းပြည့်ကျပ်ပြည့် မာရသွန်တွေမှာ တစ်ဆင့်ချင်း တက်ပြီး ယှဉ်ပြိုင်ခဲ့တာလို့ သိရပါတယ်။ နေ့စဉ် ဆက်တိုက် မာရသွန်ပြေးတဲ့ စံချိန်ဟောင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က အလစ်ဆာ အေမို့စ် ကလက်ခ် တင်ထားတဲ့ ၉၅ ရက်တာ စံချိန် ဖြစ်ပါတယ်။ ကလက်ခ်က ဘရော့စ်မာလို မသန်စွမ်း တစ်ဦး မဟုတ်ပါဘူး။ ဂင်းနစ် အသိအမှတ်ပြု အမျိုးသား စံချိန်ကတော့ အန်ဇို ကာပိုရာဆိုရဲ့ ၅၉ ရက်ဆက် မာရသွန် ပြေးခဲ့တဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

သတင်း

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။

သတင်း

စစ်ကောင်စီက အင်တားတိုးချဲ့နေသည်ကို တားဆီးရန် နှင့် စစ်ရေးအရှိန်မြှင့်ရန်အတွက်အမှတ် (၈) လမ်းမကြီးအသုံးပြုမည့် ကားများအား လုံခြုံရေးအရစစ်ဆေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထားသည်။