Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ် ကုန်ကြမ်း ပါဝင်နေလို့ F-35 တိုက်လေယာဉ်တွေ မှာယူမှုကို အမေရိကန် ဆိုင်းငံ့ထား

အခုအခါမှာ Lockheed Martin ကုမ္ပဏီဟာ ဒီသတ္တုစပ်ကို အစားထိုးဖို့ တခြားရင်းမြစ် လုပ်ငန်းတစ်ခုကို ရှာတွေ့ထားပြီလို့လည်း သိရပါတယ်။ ဒါကြောင့် ကုန်ကြမ်းထောက်ပံ့တဲ့ ကုမ္ပဏီ အပြောင်းအလဲ ဖြစ်ပြီးရင်တော့ အမေရိကန်က F-35တွေကို အရင် သဘောတူညီမှုအတိုင်း ပြန်မှာယူသွားမှာပါ။

တရုတ် ကုန်ကြမ်း ပါဝင်နေလို့ F-35 တိုက်လေယာဉ်တွေ မှာယူမှုကို အမေရိကန် ဆိုင်းငံ့ထား
တရုတ် ကုန်ကြမ်း ပါဝင်နေလို့ F-35 တိုက်လေယာဉ်တွေ မှာယူမှုကို အမေရိကန် ဆိုင်းငံ့ထား

တရုတ်ရဲ့ ကုန်ကြမ်းပစ္စည်းတစ်မျိုး ပါဝင်နေတယ်လို့ စုံစမ်း သိရှိတဲ့နောက် နည်းပညာမြင့် F-35 ဂျက်တိုက်လေယာဉ်တွေ မှာယူမှုကို အမေရိကန် စစ်တပ်က ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။

Lockheed Martin ကော်ပိုရေးရှင်းက အဓိက တာဝန်ယူ တည်ဆောက်တဲ့ F-35တွေဟာ ရေဒါ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် စွမ်းရည်ပါဝင်ပြီး ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ ဒီလေယာဉ်တွေကို မဟာမိတ် နိုင်ငံ အနည်းအကျဉ်းလောက်ဆီပဲ ကန့်သတ် ရောင်းချပေးပြီး နည်းပညာပိုင်း ပေါက်ကြားမှု မဖြစ်အောင် အစွမ်းကုန် ထိန်းသိမ်းထားပါတယ်။ F-35တွေ မှာယူမှုဟာ ကမ္ဘာ့သမိုင်းမှာ တန်ဖိုးအကြီးဆုံး စစ်လက်နက် အရောင်းအဝယ် သဘောတူညီမှု အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

အခုအခါမှာတော့ Lockheed Martin ကုမ္ပဏီဟာ F-35တွေအတွက် တရုတ်မှာ ထုတ်လုပ်တဲ့ သတ္တုစပ် အလွိုင်းတစ်မျိုးကို ထည့်သွင်း အသုံးပြုထားကြောင်း သိရှိလာရပါတယ်။ အမေရိကန်ရဲ့ ပြိုင်ဘက်ဆီက ကုန်ကြမ်းကို အမေရိကန် စစ်တပ်အတွက် တင်သွင်းတဲ့ လက်နက်တွေမှာ ထည့်သုံးထားတာဟာ ကာကွယ်ရေး ပစ္စည်း ဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်နေကြောင်း ပင်တဂွန်က ဆိုပါတယ်။

ဒါကြောင့် ကုမ္ပဏီဆီကနေ F-35တွေ မှာယူမှုကို လောလောဆယ် ယာယီ ဆိုင်းငံ့ထားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ရုံးဆိုက်ရာ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်သွားပါတယ်။ လေယာဉ်ရဲ့ စွမ်းအင် ယူနစ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ သံလိုက်တစ်မျိုးမှာ တရုတ်က ထုတ်လုပ်တဲ့ သတ္တုစပ်ကို သုံးစွဲထားတာဖြစ်ပြီး လုံခြုံရေးနဲ့ နည်းပညာ ပေါက်ကြားမှုအတွက် စိုးရိမ်စရာတော့ မရှိဘူးလို့ ပင်တဂွန်က ဆိုပါတယ်။

စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရုစ်ဂိုမာရီက ဒီကိစ္စကြောင့် လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်၊ အရည်အသွေး၊ လုံခြုံရေး၊ ဘေးကင်းမှုတွေအပေါ် ဘယ်လို သက်ရောက်မှုမှ မရှိတာကို အတည်ပြုနိုင်ကြောင်း၊ လက်ရှိ အသုံးပြုနေတဲ့ F-35တွေက စစ်ဆင်ရေး ကိစ္စတွေ ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်နေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အခုအခါမှာ Lockheed Martin ကုမ္ပဏီဟာ ဒီသတ္တုစပ်ကို အစားထိုးဖို့ တခြားရင်းမြစ် လုပ်ငန်းတစ်ခုကို ရှာတွေ့ထားပြီလို့လည်း သိရပါတယ်။ ဒါကြောင့် ကုန်ကြမ်းထောက်ပံ့တဲ့ ကုမ္ပဏီ အပြောင်းအလဲ ဖြစ်ပြီးရင်တော့ အမေရိကန်က F-35တွေကို အရင် သဘောတူညီမှုအတိုင်း ပြန်မှာယူသွားမှာပါ။

အမေရိကန်ဟာ F-35တွေကို လေတပ်၊ ရေတပ်နဲ့ မရိန်းတပ်ဖွဲ့အတွက် အစီးရေ ရာနဲ့ချီ မှာယူထားပါတယ်။ ဒီနှစ်မှာ အမေရိကန်က F-35 ၁၅၃ စီး မှာယူထားရာမှာ ကုမ္ပဏီဖက်က ၈၈ စီးထိ လက်လွှဲ ပို့ဆောင်ပေးပြီးပါပြီ။ လိုအပ်ချက်အပေါ် မူတည်ပြီး F-35တွေကို မျိုးကွဲ ၃ ခု ခွဲခြားထားရာမှာ ပုံမှန် ပြေးလမ်းအရှည် လိုအပ်တဲ့ အမျိုးအစား၊ လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်ဖို့ ပြေးလမ်းတိုပဲ လိုအပ်တဲ့ အမျိုးအစားနဲ့ ရဟတ်ယာဉ်တွေလို ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ အမျိုးအစားဆိုပြီး ထုတ်လုပ်ထားပါတယ်။ Lockheed Martinရဲ့ အဆိုအရ လက်ရှိ အချိန်ထိ F-35 အစီးရေ ၈၄၀ ကျော်ထိ တင်ပို့ ရောင်းချထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာတော့ အခင်းဖြစ်ရာ နေရာတဝိုက်မှာ ရဲအင်အား အမြောက်အမြား ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

နိုင်ငံတကာ

ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးမားဆုံး အမျိုးသမီးအဖြစ် သတ်မှတ် ခံထားရသလို အစ်ကိုဖြစ်သူအပေါ် အထူးတလည် သစ္စာစောင့်သိသူလို့လည်း လူသိများပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စိတ်ပျက်စရာ သဘောထားကို သိမြင်လာရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ အခုအခါမှာ ဂူတာရက်စ်ဟာ အိမ်ဖြူတော်၊ ဒါမှမဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးနဲ့တောင် ပိုပြီး ဆင်တူလာကြောင်း ချိုက ဆိုပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။