Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC ဆုံးဖြတ်ချက်ကို ရုရှား ရှုတ်ချ

ယူကရိန်း စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် ရုရှား အစိုးရက အပြင်းအထန် ရှုတ်ချကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC ဆုံးဖြတ်ချက်ကို ရုရှား ရှုတ်ချ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ICCရဲ့ ကြေညာချက်ဟာ အဆီအနှစ် ကင်းမဲ့ပြီး လက်ခံနိုင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ဒေါသတကြီး ပြောကြားသွားခဲ့ပါတယ်။ ICCရဲ့ မတ် ၁၇ ရက် ထုတ်ပြန်ချက်မှာတော့ ယူကရိန်းက ကလေးငယ်တွေကို ရုရှားနိုင်ငံထဲ အတင်းအကျပ် ပြောင်းရွှေ့စေခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ပူတင်ရယ်၊ ရုရှားရဲ့ ကလေးများဆိုင်ရာ ကော်မတီရဲ့ အကြီးအကဲ မာရီယာ လာဗိုလာ-ဘီလိုဗာရယ် နှစ်ဦးကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ဖော်ပြပါရှိပါတယ်။

စစ်ပွဲမှာ ကလေးတွေကို အခုလို အတင်းအကျပ် ပြောင်းရွှေ့ နေရာချစေတာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ICCက စွပ်စွဲပါတယ်။ ပြီးတော့ ပူတင်ဟာ လက်အောက်ခံ တပ်တွေကိုလည်း စစ်မြေပြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေ မကျူးလွန်အောင် တားမြစ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ICCက စွပ်စွဲထားပါတယ်။

ICCက ပူတင်ကို ဖမ်းဝရမ်း ထုတ်လိုက်တယ် ဆိုပေမယ့် လက်တွေ့ဖမ်းဆီးပြီး တရားစွဲဆိုဖို့ ဆိုတာက မဖြစ်နိုင်လောက်ဘူးလို့ လေ့လာသူ အများစုက သုံးသပ်ပါတယ်။ ရုရှားနဲ့ ယူကရိန်းအပြင် တရုတ်နဲ့ အမေရိကန်တို့လို နိုင်ငံကြီးတွေကလည်း ICCမှာ မပါဝင်ပါဘူး။ ပြီးတော့ ICCမှာ ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိတာကြောင့် ဖမ်းဝရမ်း ထုတ်ထားသူတွေကို ဖမ်းဆီးပေးဖို့ အဖွဲ့ဝင် ၁၂၃ နိုင်ငံရဲ့ ရဲတပ်ဖွဲ့တွေကို အဓိက အားကိုးရပါတယ်။

လုပ်ထုံးလုပ်နည်းအရ ကြည့်ရင် ပူတင်ဟာ ICC အဖွဲ့ဝင် ၁၂၃ နိုင်ငံထဲမှာ ခြေချမိတဲ့အခါ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါပေမဲ့ သံတမန်ရေးရာ ရှုပ်ထွေးမှုတွေ တသီကြီး ကြုံလာနိုင်တဲ့ ကိစ္စမို့ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းပေးရတဲ့ ကိစ္စမျိုးကို ICC အဖွဲ့ဝင် ရဲတပ်ဖွဲ့တွေက လက်ရှောင်ကြပါတယ်။ အထူးသဖြင့် ရုရှားလို ကမ္ဘာ့အင်အားကြီး နိုင်ငံကို တိုက်ရိုက် ပြဿနာရှာတဲ့ သဘောမျိုး ဖြစ်သွားမယ့် ကိစ္စကို ဘယ်နိုင်ငံ အစိုးရကမှ အစဖော်လာဖွယ် မရှိပါဘူး။

Public Service Announcement

Public Service Announcement

ICCက ဖမ်းဝရမ်း ထုတ်ထားပေမယ့်လည်း လက်တွေ့ အဖမ်းမခံရဘဲ လွတ်လွတ်လပ်လပ် နေထိုင်သွားလာနေသူတွေ အများအပြား ရှိနေတာကို တွေ့နိုင်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ဆာဂျီ ကီဆလစ္စယာက လောလောဆယ်မှာ ICCရဲ့ ဖမ်းဝရမ်းဟာ ပူတင်အပေါ် ထိခိုက်သက်ရောက်မှု ရှိမလာနိုင်တာကို လက်ခံထားပေမယ့် ပူတင် ချောင်ပိတ်မိတဲ့ တစ်နေ့နေ့တော့ ရောက်လာမယ်ဆိုတာ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာကတော့ ICCရဲ့ ဆုံးဖြတ်ချက်ကြောင့် ရုရှားဟာ တရားဥပဒေ ရှုထောင့်အပါအဝင် ဘယ်နေရာကမှ ထိခိုက်မှု မရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။