Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲဝင်မယ့် သူ့ဆုံးဖြတ်ချက်ကို ဘုရားသခင်ကလွဲလို့ တားနိုင်သူ မရှိဘူးလို့ ဘိုင်ဒန်ပြော

လူထုအမြင် စစ်တမ်းတွေမှာ သူဟာ ထရမ့်ရဲ့နောက်က လိုက်နေရတယ်ဆိုတဲ့ ကိစ္စကိုလည်း ပယ်ချခဲ့ပြီး စကားပြောကြည့်ဖူးသမျှ စစ်တမ်း အဖွဲ့အစည်းတွေက သူ့အပေါ် ထောက်ခံနှုန်း တက်ရိပ်ပြလာတယ်လို့ချည်း ပြောပြခဲ့တယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

ရွေးကောက်ပွဲဝင်မယ့် သူ့ဆုံးဖြတ်ချက်ကို ဘုရားသခင်ကလွဲလို့ တားနိုင်သူ မရှိဘူးလို့ ဘိုင်ဒန်ပြော
ရွေးကောက်ပွဲဝင်မယ့် သူ့ဆုံးဖြတ်ချက်ကို ဘုရားသခင်ကလွဲလို့ တားနိုင်သူ မရှိဘူးလို့ ဘိုင်ဒန်ပြော

ဘုရားသခင် ကိုယ်တိုင် ကောင်းကင်ဘုံကနေ ဆင်းတားမှသာ သူ့ရဲ့ ရွေးကောက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်မှုကို တားဆီးနိုင်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ ရင်ဆိုင်ရမယ့် ခါးသီးပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်နဲ့ စကားစစ်ထိုးမှုမှာ အောက်စည်း ရောက်ခဲ့တဲ့နောက် သူ့ရဲ့ အသက်အရွယ် ကြီးရင့်မှုအပေါ် ဒီမိုကရက် ပါတီဝင် တချို့က စိုးရိမ်ပြီး ဘိုင်ဒန်အစား လူသစ်တစ်ဦးကို ပါတီက အစားထိုး ရွေးချယ်ပြီး ရွေးကောက်ပွဲ ဝင်စေသင့်ကြောင်း ဝေဖန်မှုတချို့ ရှိလာပါတယ်။

ABC သတင်းဌာနနဲ့ ဇူလိုင် ၅ ရက်နေ့တုန်းက အင်တာဗျူးမှာတော့ ဘိုင်ဒန်က သူဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ထရမ့်ကို သေချာပေါက် အနိုင်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။

ကောင်းကင်ဘုံကနေ ဘုရားသခင် ဆင်းလာပြီး ပြိုင်ဆိုင်မှုကနေ နုတ်ထွက်လိုက်ဖို့ ပြောရင်တော့ သူက လက်ခံပြီး အလျှော့ပေးလိုက်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဘုရားသခင်ကလည်း ဆင်းမလာကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အောက်လွှတ်တော် ဒီမိုကရက် အစုအဖွဲ့ အကြီးအကဲ ဟာကင်မ် ယက်ဖရီစ် အပါအဝင် သူ့ရဲ့ အရင်းနှီးဆုံး နိုင်ငံရေး မဟာမိတ်တွေကတောင် ရွေးကောက်ပွဲကနေ သူနုတ်ထွက်သင့်တယ်လို့ ယူဆနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဘိုင်ဒန်က ငြင်းပယ်သွားပါတယ်။ ယက်ဖရီစ် အပါအဝင် လူတော်တော်များများနဲ့ သူက တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း၊ ယက်ဖရီစ်နဲ့ဆို တစ်နာရီလောက်ကြာအောင် စကားပြောခဲ့ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာတိုင်းသာ သာမန် အခြေအနေအတိုင်း တည်တည်ငြိမ်ငြိမ် ရှိခဲ့ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ဇွန်လကုန်ပိုင်းက အတ္တလန္တာမှာ သူ့ရဲ့ အားနည်းတဲ့ ပုံရိပ်အဖြစ် ထင်ကျန်နေတဲ့ စကားစစ်ထိုးပွဲ အကြောင်းကိုတော့ နောက်ကြောင်းပြန် စဉ်းစားမနေတော့ဘူးလို့လည်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။ ဘိုင်ဒန်ဟာ သူ့အသက်အရွယ်၊ သူ့ကျန်းမာရေးနဲ့ ကြံ့ခိုင်မှု အခြေအနေ၊ သူ့ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေနဲ့ ပတ်သက်လို့ မီဒီယာတွေက အနုတ်လက္ခဏာ ရှုထောင့်ကနေ ပုံကြီးချဲ့မှုတွေ ရှိနေတယ်လို့လည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

လူထုအမြင် စစ်တမ်းတွေမှာ သူဟာ ထရမ့်ရဲ့နောက်က လိုက်နေရတယ်ဆိုတဲ့ ကိစ္စကိုလည်း ပယ်ချခဲ့ပြီး စကားပြောကြည့်ဖူးသမျှ စစ်တမ်း အဖွဲ့အစည်းတွေက သူ့အပေါ် ထောက်ခံနှုန်း တက်ရိပ်ပြလာတယ်လို့ချည်း ပြောပြခဲ့တယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

နိုင်ငံရေး အကဲခတ် တစ်ဦးဖြစ်တဲ့ ဒေးဗစ် အေဆယ်လ်ရော့ဒ်ကတော့ အရင် ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတ ဘာရက်ခ် အိုဘားမား လက်ထက်တုန်းကလည်း ဘိုင်ဒန်နဲ့ အလားတူ ခက်ခဲတဲ့ ကာလတွေကို ကြုံတွေ့ခဲ့ရဖူးပေမယ့် ရွေးကောက်ပွဲ နီးလာချိန်မှာ သိသိသာသာ အခြေအနေ ဦးမော့လာခဲ့တာကြောင့် ဘိုင်ဒန်အတွက်လည်း မျှော်လင့်စရာတွေ ရှိသေးတယ်လို့ အကောင်းမြင် မှတ်ချက် ပေးခဲ့ပါတယ်။

တစ်ဖက်မှာတော့ အိုဘားမားဟာ ဘိုင်ဒန်လိုမျိုး အသက်အရွယ်နဲ့ ကျန်းမာရေးအတွက် စိုးရိမ်တကြီး မျက်စိဒေါက်ထောက် စောင့်ကြည့်တာ မခံခဲ့ရကြောင်း၊ ဘိုင်ဒန်ဟာ သူ့အပေါ် သံသယတစ်ဝက်နဲ့ စိတ်ပူပြီး စောင့်ကြည့်နေသူတွေ ရှေ့မှာ သမ္မတ တာဝန်အတွက် ကောင်းကောင်း စွမ်းဆောင်နိုင်သေးတယ် ဆိုတာကို ပြသနိုင်မှသာ ရွေးကောက်ပွဲအတွက် ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း အေဆယ်လ်ရော့ဒ်က ပြောကြားသွားပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။